ဒေါ်လာဈေး ကျပ် ၅,၃၀၀ ကျော်အထိ တက်သော်လည်း ပြည်တွင်းရွှေဈေး ပြန်ကျ

မြန်မာပြည်တွင်းဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာကို ကျပ် ၅,၃၀၀ အထက်အထိ ဆက်လက်မြင့်တက်နေပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနဲ့အတူ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ပြန်လည်ကျဆင်းလာပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှာ တဒေါ်လာကို ကျပ် ၅,၃၀၀ ဝန်းကျင်ရှိခဲ့တဲ့ ပြင်ပဒေါ်လာဈေးဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ကျပ် ၅,၃၀၀ အထက်ကို ဆက်လက်မြင့်တက်လာတာပါ။
တဖက်မှာတော့ ပြည်တွင်းရွှေဈေးဟာ မနေ့က တကျပ်သားကို ကျပ် ၁၀၃ သိန်း ၃ သောင်းဝန်းကျင် ရှိခဲ့ရာကနေ ဒီကနေ့ မနက်ပိုင်းမှာ ကျပ် ၁၀၂ သိန်း ၈ သောင်း၊ နေ့လယ်ပိုင်းမှာ ကျပ် ၁၀၂ သိန်း ၅ သောင်း ဝန်းကျင်အထိ ဆက်တိုက်ကျဆင်းလာပါတယ်။ ဒါကြောင့် တရက်အတွင်း တကျပ်သားကို ကျပ် ၈ သောင်းဝန်းကျင် ပြန်ကျသွားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကို ကြည့်မယ်ဆိုရင် နိုဝင်ဘာ ၂၀ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၃,၅၄၀ ဝန်းကျင် ရှိခဲ့ရာကနေ ၂၃ ရက်မှာ ၃,၆၅၀ ဒေါ်လာအထက် ပြန်တက်ခဲ့ပါတယ်။ အဲဒီနောက် ၂၄ ရက်မှာ ၃,၅၈၀ ဒေါ်လာ ဝန်းကျင် ပြန်ကျခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ၃,၅၄၀ ဒေါ်လာ ဝန်းကျင်အထိ ထပ်မံကျဆင်းနေတာပါ။
ဈေးကွက်အတွင်းက လုပ်ငန်းရှင်တယောက်ကတော့ ဒေါ်လာဈေးဟာ အတက်တလမ်းတည်း သွားနေပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲနဲ့ ပြည်တွင်းကျပ်ငွေ လည်ပတ်မှုအပေါ် မူတည်ပြီး အတက်အကျ ဖြစ်နေတာလို့ သုံးသပ်ပြောပါတယ်။











