
DVB
ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်နေဆဲဖြစ်ပေမဲ့ လက်တွေ့မြေပြင်မှာတော့ အရောင်းအဝယ်ယန္တရားတခုလုံး ရပ်တန့်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက် ပြင်ပပေါက်ဈေးအရ တဒေါ်လာကို ဝယ်ဈေး ၄,၇၁၀ ကျပ် နဲ့ ရောင်းဈေး ၄,၈၁၀ ကျပ် ဝန်းကျင်ရှိပေမဲ့ လိုင်စင်ရ တရားဝင် ငွေလဲလုပ်ငန်းတွေကတော့ ဈေးမငြိမ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရောင်းရော အဝယ်ပါ ပိတ်ထားကြပါတယ်။
ဒီလိုရပ်တန့်သွားတာဟာ ဗဟိုဘဏ်ရဲ့ သွင်းကုန်ဒေါ်လာ ၃ ရစ်ခွဲရောင်းမဲ့ မူဝါဒအသစ်နဲ့ ဖမ်းဆီးအရေးယူမှု သတင်းတွေကြောင့် ဖြစ်ပါတယ်။
အရှုံးပေါ်မှာနဲ့ အရေးယူခံရမှာကို စိုးရိမ်လို့ ဈေးကွက်ယန္တရား တခုလုံးနီးပါး ရပ်တန့်သွားတာ ဖြစ်ပြီး ၊ ဒေါ်လာလိုသူတွေရော၊ လက်ဝယ်ရှိ ဒေါ်လာကိုရောင်းပြီး ကျပ်ငွေ အရေးပေါ် လိုအပ်နေသူတွေပါ မြေပြင်မှာ အမှန်တကယ် အကျပ်ရိုက်နေကြတာ ဖြစ်ပါတယ်။
တဖက်မှာလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေအရောင်းအဝယ်နဲ့ပတ်သက်ပြီး ကြပ်မတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ဗဟိုဘဏ်ရဲ့ နိုဝင်ဘာ ၉ ရက် အသိပေးကြေညာချက်မှာ Money Changer လုပ်ငန်းတွေနဲ့ ဘဏ်နဲ့ Customer တွေအကြား နိုင်ငံခြားငွေအရောင်းအဝယ်လုပ်ရာမှာ ဗဟိုဘဏ်က သတ်မှတ်ထုတ်ပြန်ထားတဲ့ ငွေလဲနှုန်းတွေအတိုင်း လိုက်နာဖို့ ညွှန်ကြားထားပြီး သတ်မှတ်ချက်တွေကို ချိုးဖောက်ပါက သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူမယ်လို့ သတိပေးထားပါတယ်။
ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဆိုင်ရာ ကြပ်မတ်မှုတွေကြားမှာ အောက်တိုဘာလနှောင်းပိုင်းကတည်းက ရပ်တန့်သွားခဲ့တဲ့ ငွေလဲဈေးကွက် အရောင်းအဝယ်တွေ ဘယ်အချိန်မှာ ပြန်လည်လည်ပတ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမဲ့ အခြေအနေ ဖြစ်ပါတယ်။











