ဒေါ်လာဈေး ၅,၄၀၀ ကျပ်ထိ စံချိန်တင်မြင့်တက်မှု ငွေကစားသူများကြောင့်ဟု စစ်အာဏာရှင် အပြစ်တင်

ပြည်တွင်းဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေး ၅,၄၀၀ ကျပ်အထက်ထိ စံချိန်တင် မြင့်တက် နေချိန်မှာပဲ လက်ရှိ ငွေလဲနှုန်းမြင့်တက်နေတာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်နေတာဟာ နိုင်ငံခြားငွေ ကိုင်ဆောင်ပြီး ဈေးကစားနေသူတွေကြောင့်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြစ်တင် ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံခြားငွေကို အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုတာမဟုတ်ဘဲ ကိုင်ဆောင်ထားပြီး ဈေးကစားမှုတွေကြောင့် ငွေလဲနှုန်းနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
ဒါ့အပြင် အဲဒီ အစည်းအဝေးမှာ မင်းအောင်လှိုင်က ငွေကြေးတန်ဖိုးတွေကို “ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထား” ဖြစ်ဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့တာကြောင့် မကြာမီ ရက်ပိုင်းအတွင်း ပြင်ပငွေလဲဈေးကွက်နဲ့ တရားမဝင် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်သူတွေအပေါ် စစ်ဆေးဖမ်းဆီးမှုတွေနဲ့ ထိန်းချုပ်ကန့်သတ်မှုတွေ ပိုမိုတင်းကျပ်လာနိုင်ခြေ ရှိတယ်လို့ ဈေးကွက်အတွင်း သုံးသပ်မှုတွေရှိနေပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းပြင်ပဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းဟာ ၅,၄၀၀ ကျပ် အထက် အထိ ရောက်ရှိနေပြီး တရားဝင်သတ်မှတ်ဈေးနဲ့ ပြင်ပဈေးကွက်အကြား ငွေလဲနှုန်း ကွာဟမှု လည်း ဆက်ရှိနေပါတယ်။
ဗဟိုဘဏ်ရဲ့ နိုဝင်ဘာ ၂၅ ရက် နိုင်ငံခြားငွေဈေးကွက်ဆိုင်ရာ ထုတ်ပြန်ချက်အရ Online Trading Platform မှာ တဒေါ်လာကို ကျပ် ၃,၆၆၀ ဝန်းကျင်နဲ့ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းက ကျပ် ၂,၁၀၀ သာရှိနေတာကြောင့် ပြင်ပမှောင်ခိုဈေးကွက် ပေါက်ဈေး တဒေါ်လာကို ကျပ် ၅,၄၀၀ အထက်နဲ့ နှိုင်းယှဉ်ရင် တဒေါ်လာကို ကျပ်ထောင်ချီ ကွာဟနေတာ ဖြစ်ပါတယ်။











