
အိမ်ခြံမြေရောင်းဝယ်သူတွေကို စစ်အာဏာရှင်က အခွန်စည်းကြပ်လိုက်ပြီးနောက် အိမ်ဝယ်ယူရာမှာ သုံးစွဲခဲ့တဲ့ ငွေကြေးအတွက် တရားဝင် ဝင်ငွေရလမ်းကို စစ်ဆေးနေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
အခွန်စည်းကြပ်မှု မစတင်မီက သိန်းသောင်းချီတဲ့ မြေကွက်တွေ ဝယ်ယူခဲ့သူတွေရဲ့ ဝင်ငွေရလမ်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)က ခေါ်စစ်ဆေးတာဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်သူတယောက်က DVB ကို ပြောပါတယ်။.
“ဖမ်းဆီးတာမျိုး မဟုတ်ဘူး။ အခွန်ကောက်တာ။ အိမ်သောင်းချီတန်တဲ့ မြေကွက်တွေ ဝယ်တဲ့အခါမှာ ဝယ်တဲ့နေရာမှာ သုံးတဲ့ငွေက ဘယ်လိုငွေမျိုးလဲ၊ လုပ်ငန်းမျိုးကရတဲ့ငွေလား၊ ကုမ္ပဏီကလာ၊ အစုရှယ်ယာကလား စစ်ဆေးတာ။ အထောက်အထားပြနိုင်ရင် ပြဿနာမရှိဘူး။ မပြနိုင်ရင် ဝယ်တဲ့တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းဆောင်ရတယ်။”
အိမ်ခြံမြေရင်းနှီးမြှုပ်နှံရာမှာ ကျားဖြန့်လုပ်ငန်းကနေ ရရှိတဲ့ငွေကြေးတွေ သုံးစွဲလာတာကြောင့် စသုံးလုံးနဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက အခွန်အတွက်လိုက်လာတာလို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတယောက်က ရှင်းပြပါတယ်။
“အိမ်ခြမြေလုပ်ငန်းထဲ ကျားဖြန့်တွေ ရောက်လာလို့ ခေါ်စစ်ဆေးတာ။ သိန်းသောင်းချီတဲ့ မြေကွက်တွေ ဝယ်တဲ့သူတွေကို ငွေဖြူပြခိုင်းတာ။ တချို့ဆို အခုချိန်ထိ ပြန်မလွတ်သေးဘူး။ စစ်ဆေးနေတုန်းပဲ”
၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေရောင်းဝယ်ရာမှာ ရောင်းသူဘက်က တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း၊ ဝယ်ယူဘက်က ၇ ဒသမ ၅ ရာခိုင်နှုန်း စစ်အာဏာရှင်က အခွန်စည်းကြပ်လိုက်တာကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက်က အေးစက်သွားတာ ဖြစ်ပါတယ်။











