DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများ ဝင်ငွေမရ၊ မမျှတသည့်အလုပ် တာဝန်များ ပိုယူနေရ
ဝေဝေ
·
July 17, 2026
Photo: UNDP
Photo: UNDP
Donate to DVB

စစ်ရေးပဋိပက္ခနဲ့ စီးပွားရေး ကျဆင်းမှုတွေနဲ့ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတဝက်နီးပါးလောက်ဟာ  ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိကြဘဲ အလုပ်အကိုင်၊ စားနပ်ရိက္ခာလုံခြုံမှုနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုဆုတ်ယုတ် လာနေသလို အခကြေးငွေမရတဲ့ ပြုစုစောင့်ရှောက်ရတဲ့ ကဏ္ဍမှာမမျှတတဲ့တာဝန်တွေ ယူနေရတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက် အရသိရပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ UN Women တို့က မြန်မာအမျိုးသမီး ၅,၄၀၀ ကျော်ကို စစ်တမ်းကောက်ယူတဲ့အခါ ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိတဲ့ အမျိုးသမီး ၄၂ ရာခိုင်နှုန်းရှိနေပြီး အလုပ်မလုပ်နိုင်တဲ့ အမျိုးသမီး ၁၀ ယောက်မှာ ၈ ယောက်က ပြုစုစောင့်ရှောက်ရေး တာဝန်ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတယောက်က “အမျိုးသားတွေမှာကျတော့ ငွေရှာတဲ့ အလုပ်တခုလောက် ကိုပဲ အာရုံစိုက်ပြီး လုပ်ရတာ။ အမျိုးသမီးတွေကျတော့ ငွေရှာတာတင် မဟုတ်ဘူး၊ အိမ်မှုကိစ္စ၊ တခါတလေ စီးပွားရေး ဝင်ငွေ၊ ထွက်ငွေကို ထိန်းညှိရတာနဲ့ အစစအရာရာပေါ့၊ ဟို အိမ်ရဲ့ လိုအပ်ချက်တွေ၊ အဲဒါမျိုးတွေ အများကြီးပေါ့နော်။ ဝင်ငွေဝင်တဲ့ အလုပ်သာ မလုပ်ရပေမဲ့ ဝင်ငွေမရတဲ့ အလုပ်တွေ အများကြီးကို လုပ်ရတယ်။ မနက်မိုးလင်းတာနဲ့ စားဖို့သောက်ဖို့ ချက်တယ်၊ ပြုတ်တယ်၊ လျှော်တယ်၊ ဖွပ်တယ်၊ လှည်းတယ်၊ ကျင်းတယ်၊ တခါတလေ ငွေကြေးအခက်အခဲ ဖြစ်တဲ့အခါ ငွေချေးရ၊ ငှားရ အဲ့အလုပ်တွေကလည်း ကိုယ်ပဲလုပ်ရတယ်၊ ခေါင်းခံရတယ်၊ ဝင်ငွေမရှာနိုင်တာ တခုပဲ” လို့ ပြောပါတယ်။

အခကြေးငွေမရတဲ့ အိမ်မှုကိစ္စတွေနဲ့ ပြုစုစောင့်ရှောက်ရေးအလုပ်တွေမှာ အမျိုးသမီးတွေ သုံးစွဲနေရတဲ့အချိန်က အမျိုးသားတွေထက် ၂ ဆများနေတယ်လို့ ဆိုထားပါတယ်။

အလုပ်ရှာဖွေနေတဲ့ လူငယ်အမျိုးသမီးတယောက်ကတော့ ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ အလုပ်ရှာဖွေရ ခက်ခဲလာကြောင်းနဲ့ ကလေးပြုစုစောင့်ရှောက်ရေး အလုပ်တွေပဲ ပိုများလာကြောင်း ပြောပြပါတယ်။

လူငယ်အိမ်ထောင်ရှင် အမျိုးသမီးတယောက်က “ကိုယ်က အလုပ်လျှောက်တယ်၊ အလုပ်ကို ၃၊ ၄ ခု လျှောက်တဲ့အချိန်မှာ ကိုယ့်ဆီမှာ ကလေးရှိနေတဲ့အတွက် အလုပ်မခန့်ဘူးဆိုတဲ့ ပြန်ကြားစာကိုပဲ ရတဲ့အခါကျတော့ ကိုယ်က နောက်ပိုင်းမှာ အားငယ်လာတာပေါ့နော်။ သူတို့ရဲ့ ထင်မြင်ချက်ကတော့ ကလေးပါရင်ပေါ့နော် အလုပ်တာဝန် ဝတ္တရားတွေကို အချိန်ပြည့် မထမ်းဆောင်နိုင်မှာပေါ့နော်၊ အချိန်ပြည့် မလုပ်နိုင်မှာ စိုးတဲ့အတွက် ဒီ ကလေးပါတဲ့ ကလေးမိခင်တွေကို အလုပ်မခန့်ဘူးပေါ့။ အဲလိုမျိုးတွေလည်း ကြုံခဲ့ရတယ်ရှင့်။ အလုပ်ရှင်တွေကလည်း အသက်ကြီးလာတဲ့အတွက် မခန့်ချင်တော့တာတွေလည်း ရှိတယ်၊ အလုပ်မလျှောက်တော့ဘဲ နေလိုက်တယ်ပေါ့နော်။ နေလိုက်တဲ့အခါမှာ အိမ်ထောင်တာဝန်ဖြစ်တဲ့ ထမင်းချက်၊ ကလေးထိန်း၊ အဝတ်လျှော်ပေါ့နော်။ အဲဒီလိုမျိုးပဲ နောက်ဆုံးမှာတော့ အဲလိုမျိုးနဲ့ပဲ နေလိုက်ရတယ်ရှင့်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြားမှာ အမျိုးသမီးတွေရဲ့ အလုပ်အကိုင်နဲ့ စီးပွားရေးအခွင့်အလမ်းတွေကလည်း ဆုတ်ယုတ်လာနေပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ ကိုယ်ပိုင်ဝင်ငွေမရှိတာနဲ့ မမျှတတဲ့ တာဝန်တွေ ထမ်းထားရတာကြောင့် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်နေကြရပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတယောက်က “အဲဒီအခြေအနေကို ကျော်ဖြတ်ဖို့ဆိုတာ တော်တော်တော့ ခဲယဉ်းတယ်။ လက်ရှိ မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေအရ ငွေရှာရတာတွေ ခက်ခဲလာတယ်၊ ကျပ်တည်းလာတယ်၊ ကုန်ဈေးနှုန်းတွေ တအားမြင့်မားလာတယ်။ အခြေအနေတွေအပေါ်မှာ ဘာလုပ်လုပ် အဆင်မပြေဘူး။ တခါတလေကျရင် ဒီဟာတွေကို ကျော်ဖြတ်နိုင်ပါ့မလား၊ ငါမရှိတော့မှဘဲ ဒါတွေက ကျော်ဖြတ်နိုင်ပါ့မလား ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ လူတွေလည်း အများကြီးရှိတယ်။ ကိုယ်တွေဆိုရင်လည်း ဒီလိုမျိုး စိတ်တွေ တခါတလေ ကျရင် ပေါက်တယ်။ ပြန်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ပြန်ထိန်းရတယ်။ ဘာလုပ်ကိုင်စားစား လုပ်ကိုင်စားလို့ အဆင်မပြေတဲ့ ခေတ်ကြီးမှာ ဆိုရင်တော့ ကျော်လွှားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာတော့ ကျေးရွာတွေထဲ စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် စစ်ရှောင်နေရင်းနဲ့ အလုပ်အကိုင် အတည်တကျရှိဖို့ကိုပဲ မရနိုင်တဲ့ အခြေအတွေ ကြုံနေရတယ်လို့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်အမျိုးသမီးတွေကလည်း ပြောပါတယ်။

ပဋိပက္ခ ပြင်းထန်ဒေသတွေမှာဆို အမျိုးသား ၈၂ ရာခိုင်နှုန်း အလုပ်အကိုင်ရရှိနိုင်ပေမဲ့ အမျိုးသမီး အလုပ်အကိုင် ရရှိမှုကတော့ ၆၂ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေရတဲ့ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကျော်ရှိပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ (IDPs) ၃ ဒသမ ၇ သန်းထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးက ၅၀ ရာခိုင်နှုန်းကျော် ဖြစ်တယ်လို့ UNDP က ဖော်ပြထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013