DVB Logo
Home
ဆောင်းပါး
မြန်မာအမျိုးသမီးတွေကို တံခါးဖွင့်ပေးပါ ဝန်ကြီး မာရီယာထရီဆာလာဇာရို
DVB
·
August 6, 2026
Photo: ASEAN 2026 PH
Photo: ASEAN 2026 PH
Donate to DVB

ဝန်ကြီး လာဇာရို

ဖိလစ်ပိုင်နိုင်ငံဟာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စကို တကယ်ပဲ အလေးထားတယ် ဆိုရင် မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေကို လစ်လျူရှုလို့ မရပါဘူး။ ဒါတွေဟာ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်ဟာ ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး လူပေါင်းမှားနေ ပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလမှာ ဖိလစ်ပိုင်က အာဆီယံဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့ပါတယ်။ အဲဒီနောက် ဝန်ကြီးဟာ နေပြည်တော်ကိုသွားပြီး မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတ လုံးဝ မဟုတ်ပါဘူး။ သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတုန်းက နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူဖို့ ကြိုးပမ်း ခဲ့ပြီး နောက်ငါးနှစ်အကြာမှာ ကိုယ့်ကိုယ်ကိုယ် သမ္မတပြန်ခန့်နိုင်ဖို့ ဟန်ပြရွေးကောက်ပွဲ တခုကို ပြုလုပ်ပြခဲ့တဲ့ ရာဇဝတ်တရားခံ စစ်ဗိုလ်ချုပ်တဦးသာ ဖြစ်ပါတယ်။ ဒီဟန်ပြ ရွေးကောက်ပွဲကို လည်း ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချထားပြီးမှ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုတွေ ကျူးလွန်နေတဲ့ တချိန်တည်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဝန်ကြီးဟာ စစ်အုပ်စုရဲ့ ‘နိုင်ငံခြားရေးဝန်ကြီး’ နဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုဟာ ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်တယ်လို့ လည်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။ ပြီးရင် ၂၀၂၆ ခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ်ထဲမှာ လူသားချင်းစာနာမှုဆိုင်ရာ ဘက်စုံကူညီရေးအဖွဲ့ စေလွှတ်ဖို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက် ၄ ရက်အကြာမှာပဲ မင်းအောင်လှိုင်ရဲ့ တပ်ဖွဲ့ဝင်တွေက ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ကလေးဝမြို့နယ်မှာ အမျိုးသမီးတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြပါတယ်။

မင်းအောင်လှိုင်ဟာ ယုံကြည်လို့ရတဲ့ လူသားချင်းစာနာမှုအရေး ဆောင်ရွက်သူတဦး မဟုတ်ပါ ဘူး။ လက်ရှိမှာလည်း ယုံကြည်လို့ မရသလို နောက်နောင်လည်း ယုံကြည်ရတဲ့ သူတယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီလိုပဲ သူ့စစ်တပ်ဟာလည်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စအတွက် လက်တွဲအလုပ်လုပ်လို့ရတဲ့သူ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ 

 

ဆယ်စုနှစ်ပေါင်းများစွာတိုင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်အဖြစ် အသုံးပြုခြင်း

မြန်မာစစ်တပ်ဟာ မုဒိမ်းမှုကို စစ်လက်နက်တခုအနေနဲ့ အသုံးပြုလာခဲ့တာ ဆယ်စုနှစ်များစွာ ရှိနေပါပြီ။ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားလူမျိုးစု အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အပေါ် ကျူးလွန်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ် ကင်းလွတ်ခွင့်အပြည့်နဲ့ ကျူးလွန်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံထဲကို ပြန်ဝင်ခွင့်ရတဲ့ အချိန်တုန်းက ကချင်ကျောင်းဆရာမ ၂ ဦးကို မြန်မာစစ်သားတွေက အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ကျမ တောင်းခဲ့ဆိုတော့ ကျမ အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ၃၈ နှစ်တာကာလအတွင်း လားဟူ၊ ကချင်နဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ အပါအဝင်၊ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေ ရှင်သန်လွတ်မြောက်လာခဲ့တဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစု အသီးသီးက အမျိုးသမီး အများအပြားနဲ့လည်း ကျမ ဆုံတွေ့ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ စစ်တပ်ဟာ အဲဒီနောက်ပိုင်း ကာလ တလျှောက်လုံးမှာ လေကြောင်းတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ အဓမ္မနေရပ်စွန့်ခွာ ထွက်ပြေးစေမှု စတာတွေကို ဆက်လက် ကျူးလွန်လာခဲ့ပါတယ်။ ဒီကာလ အတွင်းမှာ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ် ၉၀၀ ကျော်ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မှတ်တမ်းတင် ထားပါတယ်။ 

စစ်အုပ်စုက အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေခြင်းဟာ အာဆီယံရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒေသတွင်းလုပ်ငန်းစီမံချက်တခုလုံး အလုံးစုံ ကျရှုံးနေတယ် ဆိုတာကို ဖော်ပြနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့အစည်းနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေက စုပေါင်းထုတ်ပြန်ခဲ့တဲ့ ၂၀၂၆ ခုနှစ် သဘောထားရပ်တည်ချက်စာတမ်းမှာ ပြတ်ပြတ် သားသား ထောက်ပြထားပါတယ်။

သက်သေ ခိုင်မာနေပေမဲ့ တာဝန်ယူမှု တာဝန်ခံမှု မဲ့နေဆဲ 

၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂက မြန်မာစစ်တပ်ကို ပဋိပက္ခအတွင်း မုဒိမ်းမှုနဲ့ တခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တဲ့ ခိုင်လုံသံသယ တရားခံအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်း စသွင်းခဲ့ပါတယ်။

စစ်တပ်ဟာ ဒီနှစ် အမည်ပျက်စာရင်းမှာလည်း ထပ်ပါလာပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာလည်း စစ်တပ်ဟာ မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းမှုနဲ့ လိင်ကျွန်ပြုမှု အပါအဝင် လိင်အကြမ်းဖက်မှုတွေကို စစ်ဗျူဟာတခု၊ နိုင်ငံရေးနှိပ်ကွပ်မှု တခုအနေနဲ့ ကျယ်ကျယ် ပြန့်ပြန့်  စနစ်တကျ ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။ 

သက်သေအထောက်အထားတွေဟာ နိုင်ငံတကာမှာရှိတဲ့ တရားရုံးတွေရဲ့ လက်ထဲကို ရောက်ရှိ နေပြီးသား ဖြစ်ပါတယ်။ အုပ်စုဖွဲ့ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေ အပါအဝင် ရိုဟင်ဂျာ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ၂၀၂၅ ခုနှစ်မှာ အာဂျင်တီးနား ဖက်ဒရယ် တရားရုံးက မင်းအောင်လှိုင်နဲ့ တခြားသော စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုရာတရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှာလည်း စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုတွေကို ကြားနာစစ်ဆေးဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပါတယ်။

ဒါတွေအားလုံးဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေ ကိုယ်တိုင်က ထုတ်ဖော်တင်ပြပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ တရားရုံးတွေက စိစစ်အတည်ပြုထားတဲ့ အမှန်တရား‌တွေ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ စစ်တပ်က မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက် တခုလို အသုံးချ ကျူးလွန်နေတာကို မျက်ကွယ်ပြုထားပြီး ဒေသတွင်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစီမံချက် အကြောင်းပြောတဲ့ ဝန်ကြီးရဲ့စကားတွေကို အများက အလေးထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

လူသားချင်းစာနာမှု အကူအညီများနဲ့ အခြေခံကုန်ပစ္စည်းများကို ပိတ်ပင်ခြင်း

စစ်အုပ်စုဟာ အစားအစာ၊ ဆေးဝါးနဲ့ တခြားအခြေခံ ကုန်ပစ္စည်းတွေကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲ မဝင်ရောက်နိုင်အောင် ကန့်သတ်ပိတ်ပင်မှုတွေ အကြိမ်ကြိမ် ပြုလုပ်လာခဲ့ပါတယ်။ ခုဆိုရင် အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကိုပါ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်နေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အရေးပေါ် ဒဏ်ရာရ လူနာတွေကို ကုသရာမှာ အသုံးပြုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ဟာ ဩဂုတ်လကတည်းက ဒီပစ္စည်းတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်မှုတွေ လုပ်လာတာ ဖြစ်ပါတယ်။ တိုက်ပွဲဝင် ဒဏ်ရာရ စစ်သည်တွေကို ကုသပေးနေတဲ့ ဆေးမှူးတွေကတော့ ဒါဟာ မမှန်ဘူးလို့ ဆိုကြပါတယ်။

နောက်ဆက်တွဲအနေနဲ့ ပဋိပက္ခဒေသက အမျိုးသမီးတွေဟာ အဝတ်စုတ်၊ သစ်ရွက်၊ သတင်းစာ စတာတွေကိုပဲ အသုံးပြုနေရတာကြောင့် ကူးစက်ရောဂါတွေဖြစ်ပြီး ပိုးသတ်ဆေး လိုအပ်ချက် ပိုမိုကြီးမားလာနေတယ်လို့ အမျိုးသမီးအဖွဲ့တွေက ဆိုကြပါတယ်။ လုံခြုံတဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ မရှိတာကြောင့် တချို့အမျိုးသမီးတွေဟာ ရာသီသွေးဆင်းချိန်မှာ အိမ်ပြင် မထွက်နိုင်ကြပါဘူး။ အမျိုးသမီးတွေဟာ အခြေခံကျန်းမာရေး၊ လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ဆုံးရှုံးနေကြပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေကို ပဋိပက္ခဒေသမှာရှိတဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးသူတွေဆီ “လိုအပ်ပါက နယ်စပ်ဖြတ်ကျော် နည်းလမ်းများမှတဆင့်” ခွဲခြားဆက်ဆံမှုမရှိဘဲ ပေးပို့ရန်ဆိုပြီး အာဆီယံက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ ပါတယ်။

ခုဆိုရင် ဒီဆုံးဖြတ်ချက် ချမှတ်ခဲ့တာ ၉ လ ရှိသွားခဲ့ပါပြီ။ ဒါပေမယ့် ဝန်ကြီးရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ခရီးစဉ်ကိုတော့ ဒီနှစ်ရဲ့ နောက်ဆုံး ၃ လပတ် အတွင်းမှာမှ စတင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စစ်ခေါင်းဆောင်နဲ့ လူချင်း ကိုယ်တိုင်တွေ့ဆုံဖို့ အချိန်ရခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဖို့ကိုတော့ ဘာကြောင့် ဒီလောက်အချိန် ကြာနေခဲ့တာပါလဲ။ စစ်ခေါင်းဆောင်ဟာ ဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ငြင်းဆိုထားပြီး ဝန်ကြီးရဲ့ လူသားချင်းစာနာမှု ခရီးစဉ်မှာ တွေ့ဆုံသင့်တဲ့ မြန်မာပြည်သူတွေကိုလည်း ဆက်ပြီးဗုံးကြဲနေဆဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဝန်ကြီးအနေနဲ့ စစ်ခေါင်းဆောင်နဲ့ နောက်တကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောဦးမှာလား။ 

မြန်မာအမျိုးသမီးတွေအတွက် တံခါးဖွင့်ပေးပါ

အာဆီယံရဲ့ ဒေသတွင်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းစီမံချက်ဟာ မြန်မာ အမျိုးသမီးတွေအတွက်တော့ အစကတည်းက ကျရှုံးမှု တခုပါပဲ။

အမျိုးသမီး လူ့အခွင့်အရေးကာကွယ်သူတွေ (WHRDs)၊ အမျိုးသမီး ဦးဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းတွေလို စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေ၊ မှတ်တမ်းတင်လာခဲ့ကြတဲ့သူတွေဟာ ဖယ်ကြဉ်ခံနေရပါတယ်။ တဖက်မှာတော့ စစ်အုပ်စုဘက်တော်သား အမျိုးသမီးတွေဟာ အာဆီယံရဲ့ ဂျန်ဒါရေးရာအဖွဲ့တခုဖြစ်တဲ့ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ဆိုင်ရာကော်မရှင် (ACWC) မှာ စစ်အုပ်စုကို ကိုယ်စားပြုခွင့် ရနေပါတယ်။ သူတို့ဟာ ကျူးလွန်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေ မဟုတ်သလို တက်ကြွလှုပ်ရှားသူတွေလည်း မဟုတ်ကြပါဘူး။ သူတို့ဟာ စစ်တပ်က ခန့်အပ်ထားတဲ့ အရာရှိတွေဖြစ်ပြီး မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေအတွက် မဟုတ်ဘဲ အမျိုးသမီးတွေကို မုဒိမ်းကျင့်နေတဲ့ စစ်တပ်အတွက် ရပ်တည်ပြောဆိုပေးနေသူတွေသာ ဖြစ်ပါတယ်။ 

မြန်မာအမျိုးသမီးတွေအတွက် ပြောဆိုပေးမဲ့သူကို စစ်အုပ်စုစိတ်ကြိုက် ထပ်ပြီးရွေးချယ်ခွင့် မပြုပါနဲ့။ ဝန်ကြီးဟာ မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေ ပါဝင်ခွင့်ရအောင် တံခါးဖွင့်ပေးနိုင်တဲ့သူ ဖြစ်ပြီး ဒါကို မဖြစ်မနေ လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက် ရေးအသင်း၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တို့လို သီးခြားလွတ်လပ်တဲ့ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီး ဦးဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့သာမက အကြမ်းဖက်မှုက ရှင်သန်လွတ်မြောက်လာ သူတွေ၊ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်သူတွေ၊ တိုင်ရင်းသားလူမျိုးစု အမျိုးသမီး ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေနဲ့ပါ တိုက်ရိုက် တွေ့ဆုံပါ။ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်နေတဲ့ အမျိုးသမီးတွေ၊ လူသားချင်းစာနာမှုအကူအညီ ဖြန့်ဝေပေးနေတဲ့ အမျိုးသမီးတွေ၊ စစ်အုပ်စုက အကြမ်းဖက်နေတဲ့ကြားက ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နေတဲ့ အမျိုးသမီးတွေ ဒီလိုအမျိုးသမီးတွေရဲ့အသံကို နားထောင်နိုင်အောင် လုပ်ပါ။

ဝန်ကြီး လာဇာရိုကို အမျိုးသမီးချင်း စာနာနိုင်ဖို့ ကျမ စာရေးလိုက်ပါတယ်

ကတိကဝတ် ဘယ်နှခု ပေးလိုက်တယ်၊ ဒါမှမဟုတ် စစ်ဗိုလ်ချုပ် ဘယ်နှယောက်နဲ့ တွေ့လိုက်တယ် ဆိုတာတွေက ဖိလစ်ပိုင်နိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းကို အကဲဖြတ် အဆုံးအဖြတ်ပေးမဲ့ အရာတွေ မဟုတ်ပါဘူး။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ဘယ်လောက် ဆန့်ကျင်ခဲ့လဲ ဒုက္ခရောက်နေသူတွေဆီကို အကူအညီရောက်အောင် ဘယ်လောက်ပေးပို့နိုင်ခဲ့လဲ ဆိုတာတွေကသာ အဆုံးအဖြတ် ပေးသွားမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအတွင်းက အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေကို ဝန်ကြီး အနေနဲ့ တကယ်ပဲ အလေးထားတယ်ဆိုရင် အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ လိုအပ် ပါတယ်။

-လူသားချင်းစာနာမှု အကူအညီတွေကို နယ်စပ်အခြေပြုယန္တရားတွေ၊ လူထုကို ဝန်ဆောင်မှုပေးနေတဲ့ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတွေ၊ ဒေသခံ လူသားချင်းစာနာမှု အဖွဲ့တွေနဲ့ သီးခြားလွတ်လပ်တဲ့ အမျိုးသမီးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ စတဲ့ အစုအဖွဲ့တွေ ကနေတဆင့် ပေးပို့ပါ။ ဒီအဖွဲ့တွေဟာ ခုချိန်ထိ စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အကြမ်းဖက် ခြောက်လှန့်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူဆီ အကူအညီ ရောက်အောင် ပေးပို့လာခဲ့ပြီးသား သူတွေဖြစ်ပါတယ်။ 

-မြန်မာအမျိုးသမီးတွေရဲ့ အသံကို တိုက်ရိုက်နားထောင်ပါ။ သူတို့ပြောပြတာကို နားထောင်ပြီး စစ်တပ်က ဘာတွေလုပ်ခဲ့လဲ သိအောင်လုပ်ပါ။ စစ်အုပ်စုက ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖက် မဖြစ်နိုင်လဲဆိုတာ သိအောင်လုပ်ပါ။ စစ်အုပ်စုကတဆင့် အကူအညီတွေကို ပေးပို့တာဟာ ဘာကြောင့် ကြားနေလုပ်ရပ်တခု ဒါမှမဟုတ် ခွဲခြားဆက်ဆံမှုကင်းတဲ့ လုပ်ရပ်တခု ဘယ်သောအခါမှ မဖြစ်နိုင်တာလဲဆိုတာ သိအောင် လုပ်ပါ။ ကိုယ့်အတွက်ရော နောင်လာနောက်သားတွေ အတွက်ရော ငြိမ်းချမ်းတဲ့ အနာဂတ်တခုကို တည်ဆောက်နိုင်ဖို့ မြန်မာအမျိုးသမီးတွေ ဘာလုပ်နေလဲဆိုတာ သိအောင်လုပ်ပါ။

-ပြီးရင် ဆုံးဖြတ်ချက်ချမှတ်ပြီးမှ မြန်မာအမျိုးသမီးတွေကို ဆွေးနွေးပွဲတွေမှာ အပြသဘောလောက် ပါဝင်ခွင့် ပေးတာမျိုးမလုပ်ဘဲ အာဆီယံရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဉ်ကို မြန်မာအမျိုးသမီးတွေ ကိုယ်တိုင် ပါဝင်ထုဆစ် ပုံဖော်နိုင်အောင် ခွင့်ပြုပေးပါ။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်နဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ နှုတ်ကတိတွေကို လက်တွေ့ကျပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲဖို့ ဝန်ကြီးကို အမျိုးသမီးတစ်ယောက်အနေနဲ့ ကျမ တောင်းဆိုပါတယ်။ မုဒိမ်းမှုနဲ့ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်သဖွယ် အသုံးချနေတဲ့ စစ်ခေါင်းဆောင် အမျိုးသားတွေကို တရားဝင်မှု မပေးပါနဲ့။ ခုချိန်ကစပြီး အကြမ်းဖက်ခံရပြီးနောက် ရှင်သန်လွတ်မြောက်လာခဲ့တဲ့ အမျိုးသမီးတွေနဲ့ ဒီအကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေ ကိုယ်တိုင်က ပြောပြတာတွေကို စပြီးနားထောင်ပေးပါ။ ဒါဟာ ဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာထဲကဖြစ်ပြီး ဒါကို အသုံးချဖို့ ကျမ တောင်းဆိုပါတယ်။ 

ခင်ဥမ္မာ 

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013