
မြန်မာအမျိုးသမီးအသင်းကစားနေစဉ် ဂျပန်ရောက် မြန်မာများဆန္ဒပြဂျပန်နိုင်ငံ၊ အိုဆာကာမြို့က Yanmar Stadium Nagai အားကစားကွင်းမှာ စက်တင်ဘာ ၁၄ ရက်ညက ကစားခဲ့တဲ့ တောင်ကိုရီးယားနဲ့ မြန်မာအမျိုးသမီးဘောလုံး အသင်းတို့ရဲ့ အာရှ အားကစား ပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်အတွင်း အားကစားကွင်းရှေ့မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြ ခဲ့ကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ စစ်အာဏာရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဂျပန်ပြည်သူ တွေနဲ့ နိုင်ငံတကာက သိရှိအောင် လာရောက်ဆန္ဒပြကြတာလို့ စီစဉ်သူတွေက ပြောပါတယ်။
ဆန္ဒပြဖော်ထုတ်ပွဲဦးဆောင်သူ ကိုအောင်မြတ်ဝင်းက “ကျနော်တို့က ဘောလုံးအားကစားနည်းကို အလေးထား တန်ဖိုးထားပါတယ်။ ဘောလုံးပွဲကို ကန့်ကွက်ခြင်း ဖျက်လိုဖျက်ဆီး လုပ်လိုစိတ် မရှိသလို နှစ်ဖက်လက်ရွေးစင်တွေ နှစ်ဖက်ပရိသတ်တွေကိုလည်း လေးစားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းတွေ လွတ်မြောက်ခြင်းမရှိသေးပါဘူး။ နောက် နေ့စဉ်နဲ့အမျှ စစ်အာဏာပိုင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ် အနိုင်ကျင့်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို စစ်လေယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတဲ့နိုင်ငံတခုပါ။ ဒီအချက်တွေ ဂျပန်အပါ နိုင်ငံတကာက သတိပြုစေချင်တယ်။ မမေ့စေချင်ဘူး” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ မေ ၂၈ ရက်က ဂျပန်နိုင်ငံ၊ ချီဘားမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲမှာ မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ဟာ နိုင်ငံတော်သီချင်းသီဆိုချိန်မှာ လက်သုံးချောင်း ထောင်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သလို ဇွန် ၁၆ ရက်နေ့ အိုဆာကာကနေပြန်မဲ့ လေယာဉ်ပေါ် မတက်ဘဲ ဂျပန်နိုင်ငံမှာ ကျန်ရစ်ခဲ့ပါတယ်။
ဘောလုံးပွဲဟာ ပြိုင်ပွဲတခုသာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မြန်မာပြည်သူတွေအတွက်တော့ မိမိတို့ နိုင်ငံရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဆန္ဒကို နိုင်ငံတကာရှေ့မှာ ဖော်ထုတ်နိုင်တဲ့ နေရာတခုလည်း ဖြစ်နေဆဲမို့ တကယ်လို့ ဂိုးသမား ပြည့်လျှံအောင်လို မြန်မာ့အရေးဖော်ထုတ်မဲ့ အားကစားသမားတွေ နောက်ထပ်ပေါ်ထွက်လာမယ်ဆိုရင် သူ့အနေနဲ့ ကူညီစောင့်ရှောက်ပေးနိုင်ပါတယ်လို့လည်း ကိုအောင်မြတ်ဝင်းက ပြောပါတယ်။
မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်မှာတော့ တောင်ကိုရီးယားအမျိုးသမီးအသင်းက မြန်မာ အမျိုးသမီးအသင်းကို (၅-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။











