
ထိုင်းနိုင်ငံထဲကို MOU ၂ နိုင်ငံသဘောတူညီချက် အလုပ်သမားကတ်နဲ့ တရားဝင် ဝင်ရောက်လုပ်ကိုင်နေသူ မြန်မာအမျိုးသမီးတယောက်ဟာ ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်မှာ နိုင်ငံကူး လက်မှတ်အတု ဖြစ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ အေအေစီ မဟာမိတ်အဖွဲ့က ပြောပါတယ်။
အသက် ၂၄ နှစ်ရွယ် မိန်းကလေးဟာ ဩဂုတ် ၂၂ ရက်က အဖော် ၃ ယောက်နဲ့အတူ ပြည်ပခရီးသွားဖို့ စီစဉ်တာမှာ ဘန်ကောက် သုဝဏ္ဏဘုမိ နိုင်ငံတကာလေဆိပ် လဝကကောင်တာမှာ စစ်ဆေးတော့ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကအတုဖြစ်တယ်လို့ ထိုင်းရဲတွေကပြောပြီး ဖမ်းဆီးထားတာလို့ အေအေစီမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။
“သူတို့ ၄ ယောက် အတူခရီးသွားကြတာ၊ ဟို ၃ ယောက်က ဘာပြဿနာမှမရှိဘူး။ သူ့အလှည့်ကျမှ ပတ်စပို့အတုဖြစ်တယ်ဆိုပြီး အဖမ်းခံလိုက်ရတာ။ အမှန်က သူက ၂၀၂၃ ခုနှစ်ကတည်းက MOU လက်မှတ်နဲ့ ထိုင်းမှာ အလုပ်လုပ်နေတာ။ သူ့ဗီဇာသက်တမ်း ၂ နှစ်ကုန်ပြီး နောက်ထပ် ၂ နှစ်အတွက် သက်တမ်းလည်းတိုးထားပြီးပြီ။ အဲဒါကို ပတ်စပို့အတု ဆိုပြီးဖမ်းတာ။”
မိန်းကလေးဟာ MOU အလုပ်သမားကတ်ကို မြဝတီမှာရှိတဲ့ ပြည့်ဝစံကုမ္ပဏီနဲ့ လုပ်ခဲ့တယ်၊ ဒါကြောင့် ပတ်စပို့အတု ဖြစ်ရတဲ့ပြဿနာမှာ ဒီကုမ္ပဏီမှာ တာဝန်ရှိတယ်၊ မိန်းကလေး လွတ်မြောက်ရေးအတွက် ကုမ္ပဏီဘက်က တာဝန်ယူဖြေရှင်းပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်မှာ နွေဦးတော်လှန်ရေးနောက်ပိုင်း ပညာတတ်လူငယ်တွေ ပြည်ပထွက်ခွာမှုတွေ ပိုများလာတယ်။ ပွဲစားတွေကလည်း သူတို့ကို ဆိုက်ရောက်ဗီဇာ အလည်အပတ်ဗီဇာနဲ့ ထိုင်းကို အရင်ဝင်လာခိုင်းတယ်၊ ဒီရောက်မှ နှစ်ရှည်ဗီဇာ၊ ကျောင်းသားဗီဇာပြောင်းပြီး နောက်ထပ်တနိုင်ငံမှာ အလုပ်လုပ်ဖို့ ပို့ပေးမယ်ပြောပြီး ငွေကြေး သိန်းပေါင်းရာနဲ့ချီ လိမ်လည်တာရှိတယ်၊ ထိုင်းရောက်တော့ ဘာမှလုပ်လို့မရ၊ ပွဲစားဆိုတာကလည်း အဆက်အသွယ်မရ ရုံးခန်းလည်း မရှိ၊ ကိုယ်ယောင်ဖျောက်သွားပြီး ဒုက္ခရောက်နေကြရတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။
အမှန်က ထိုင်းဥပဒေမှာ အဲဒီလိုလုပ်လို့ လုံးဝမရကြောင်း၊ ဒါကြောင့် ပြည်ပထွက်လိုဇောနဲ့ ပွဲစားတွေရဲ့ အကြံအဖန်စကားတွေ အလွယ်တကူ မယုံကြည်သင့်ဘဲ မိမိဆက်သွယ်လုပ်ဆောင်မဲ့ အေးဂျင့်ဟာ ခိုင်မာမှုရှိ၊ မရှိ သေချာစွာစုံစမ်းပြီးမှ လုပ်ဆောင်သင့်ကြောင်း ဦးခိုင်ကြီးက ပြောပါတယ်။
Source: AAC











