DVB Logo
Home
မြန်မာသတင်း
လူမှုစီးပွားဘဝတိုးတက်ရေး ငွေပြန်လွှဲကြရန် အလုပ်သမားဝန်ကြီး ပြောဆိုမှုအလုပ်သမားများ မယုံကြည် 
သီရိ
·
July 29, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်သွားလုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံအပေါ် သစ္စာရှိဖို့ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ဖို့ မိသားစုဆီ လွှဲငွေတွေ ပုံမှန်ပို့ဖို့ စစ်အာဏာရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးက ဇူလိုင် ၂၆ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း) ကျွမ်းကျင်လေ့ကျင့်ရေး သင်တန်းကျောင်းကို သွားရောက်တဲ့အချိန်မှာ ပြောဆိုပါတယ်။

မိသားစုဆီ ငွေပုံမှန်လွှဲဖို့ဆိုတာက ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်နဲ့ စစ်အစိုးရ သတ်မှတ်ဈေးအတိုင်း မိသားစုဆီကို ပြန်လည်လွှဲပို့ဖို့ ဆိုလိုတာပါ။

အဲဒီပြောဆိုချက်အပေါ် မလေးရှားရောက် မြန်မာအလုပ်သမားတယောက်ကတော့  မယုံကြည်ကြောင်း ပြောပါတယ်။

NLD OC International Malaysia မှ ကိုသန်းထွန်းအောင်က “ကျနော်တို့မှာက မိဘကောင်း မရှိဘူးဗျ။ သူတို့က တိုင်းသူပြည်သားတွေအပေါ်မှာ ဘယ်တော့မှ စေတနာမမှန်ခဲ့ဘူး။ ကျနော်တို့ကလည်း သူတို့ကို ယုံကြည်မှုမရှိပါဘူး။ သူတို့ပြောတဲ့ အခွန်တွေ ရရှိလာလို့လည်း တိုင်းပြည်က တိုးတက်သွားမယ် ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ ပြဿနာတစုံတရာ ကြုံလာခဲ့ရင် ပြည်ပနိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာသံရုံးတွေက ဥပဒေနဲ့အညီ ထိထိရောက်ရောက် ကာကွယ်ပေးတဲ့ အခြေအနေမျိုးတွေ သိပ်မရှိဘူး။ ကျနော်တို့မှာ ကာကွယ်ပေးမဲ့အစိုးရ မရှိတဲ့အခါကျတော့ အလုပ်ရှင်တွေက ကျနော်တို့ကို ဖိနှိပ်တာတော့ မဆန်းပါဘူး၊ သိမနေကြဘူးပေါ့နော်” လို့ ပြောပါတယ်။

ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကတော့ မဖြစ်မနေ နိုင်ငံကို ပြန်ရမဲ့သူတွေကသာ သူတို့သတ်မှတ်ထားတဲ့အတိုင်း လစာ ၂၅ ရာခိုင်နှုန်းကို ပြန်လွှဲကြတာဖြစ်တယ်လို့ မလေးရှားရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။

ပြင်ပငွေလဲနှုန်းကတော့ မလေးရှားငွေ ၁ ရင်းဂစ်ကို မြန်မာငွေ ၁,၀၈၅ ကျပ် ရရှိပေမဲ့ စစ်အာဏာရှင်အစိုးရ လက်အောက်ခံ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းကတော့ မလေးရှားငွေ ၁ ရင်းဂစ်ကို မြန်မာငွေ ၅၁၃ ကျပ်သာ ရရှိပါတယ်။

အဲဒီလို စစ်အာဏာရှင်အစိုးရ သတ်မှတ်ငွေကြေးအတိုင်း နိုင်ငံတွင်းကို ငွေလွှဲနေရပေမဲ့ နိုင်ငံပြင်ပက ရွှေ့ပြောင်းလုပ်သားတွေဟာ သက်ဆိုင်ရာ ကိုယ့်နိုင်ငံ သံရုံးရဲ့ အကူအညီကို မရရှိကြဘူးလို့ အလုပ်သမားအရေး အကူအညီပေးနေသူတယောက်ဖြစ်တဲ့ ကိုကျော်ဆန်းက ပြောပါတယ်။ 

“အခွန်တွေ ပေးခိုင်းတာတွေ မိသားစုဆီ ငွေပြန်လွှဲခိုင်းတာတွေက နိုင်ငံရဲ့ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ဖို့အတွက်လို့ စစ်ကောင်စီက ပြောဆိုနေတာတွေ ရှိတယ်။ ဒါပေမဲ့ ဒါက လုံးဝမဟုတ်ဘူး၊ လုံးဝယုံကြည်လို့မရဘူး။ နိုင်ငံမဖွံ့ဖြိုးတာက ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ငွေမလွှဲလို့ မဟုတ်ဘူး၊ စစ်ကောင်စီရဲ့ မှားယွင်းတဲ့ စီးပွားရေးမူဝါဒတွေ၊ နိုင်ငံရေး စီမံခန့်ခွဲမှုတွေကြောင့်သာ ဖြစ်တယ်။”

စစ်အာဏာရှင်အစိုးရက အလုပ်သမားတွေက ပြည်တွင်းကို ငွေပြန်လွှဲမှ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်မယ် ဆိုပေမဲ့ ရရှိလာတဲ့ နိုင်ငံခြားငွေတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေနဲ့ လောင်စာဆီတွေတွေ ဝယ်ယူရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ 

မလေးရှားနိုင်ငံတင်မကဘဲ မြန်မာလုပ်သားတွေ အများအပြား အလုပ်လုပ်ကိုင်တဲ့ ကိုရီးယားနိုင်ငံမှာလည်း မြန်မာတွေက တခြားနိုင်ငံက လုပ်သားတွေထက် ပိုပြီး ခက်ခဲမှုတွေ ရှိပါတယ်။

ပတ်စ်ပို့ သက်တမ်းတိုးတဲ့အခါမှာ စစ်အာဏာရှင်သံရုံးမှာ နိုင်ငံရေးကင်းရှင်းကြောင်း လက်မှတ်ထိုးရတာ၊ EPS စနစ်မှာ အခွန် ၂ ထပ် မကောက်ခံဖို့ ပါရှိပေမဲ့ အခွန် ၂ ထပ် ပေးဆောင်နေရတယ်လို့ ကိုရီးယားရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။

နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာ ခံထားရတဲ့ အရပ်သား အသွင်ပြောင်း စစ်တပ်ဟာ သူတို့အတွက် နိုင်ငံခြားဝင်ငွေရရှိဖို့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ ပြန်လွှဲလာတဲ့ နိုင်ငံခြားငွေကို မှီခိုနေရတဲ့ အခြေအနေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013