DVB Logo
Home
မြန်မာသတင်း
တမူးမြို့ပေါ်၌ စစ်ကောင်စီတပ်က ဘန်ကာ ကတုတ်ကျင်းများ အခိုင်အမာဆောက်လုပ်နေ 
DVB
·
November 20, 2023
တမူးမြို့ပေါ်၌ စစ်ကောင်စီတပ်က ဘန်ကာ ကတုတ်ကျင်းများ အခိုင်အမာဆောက်လုပ်နေ 
Donate to DVB

အနောက်မြောက်တိုင်းစစ်ဒေသမှာ လမ်းပန်းဆက်သွယ်ရေး အဓိကကျတဲ့နေရာတခုဖြစ်တဲ့ အိန္ဒိယနယ်စပ်ရှိ တမူးမြို့ အသိမ်းမခံရအောင် စစ်ကောင်စီက မြို့ပေါ်လုံခြုံရေးတင်းကျပ်ထားပြီး  ဘန်ကာတွေ အခိုင်အမာဆောက်လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဘန်ကာတွေ ဆောက်လုပ်ဖို့ကိုတော့ မြို့ထဲမှာ ကျန်နေတဲ့ ပျူစောထီးတွေကို အတင်းအကျပ်ဆက်လက်စေခိုင်းတာလို့လို့ တမူးမြို့နယ် ပအဖ အမျိုးသမီးခေါင်းဆောင်တဦးက ပြောပါတယ်။

“မြို့လယ်ကောင်ဘက်မှာ PDF တွေဝင်လာမှာစိုးလို့ဆိုပြီးတော့ ဘန်ကာ ကတုတ်ကျင်းတွေကို ကောင်းကောင်းတူးပြီးတော့ လုပ်ထားတာရှိတယ်။ တမူးမြို့ဝင်ဝင်ချင်း လမ်းမကြီးညာဘက်ခြမ်း အဲဒီက မြေနီကုန်းဘုန်းကြီးကျောင်းဆိုလို့ရှိရင်လည်း သူတို့က လုံးဝကို ခိုင်ခိုင်မာမာနဲ့ ဘန်ကာကို စစ်တပ်ရဲ့ ခံစစ်ကုန်းနီးပါးလောက် သေချာပြင်ထားတာလို့ သိရတယ်။ ပျူစောထီးအဓိကထွက်တဲ့ စစ်သင်တန်းတွေပေးတဲ့ ဟဲဇင်းရွာမှာတော့ တိုက်ပွဲပြီး ၃၊ ၄ ရက်လောက်မှာ သူတို့က ရဟတ်ယာဉ်နဲ့လာချတာ လက်နက် အလက် ၃၀ လောက်နဲ့ လူလည်း ၁၂ ယောက်လောက် ပါတယ်။ အဲဒီတွေ လာချပြီးတော့ သူတို့စစ်ရေးလေ့ကျင့်မှုတွေ လုပ်တယ်ပေါ့နော်။”

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို PDF နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပြီး ၇ ရက်နေ့မှာ တမူးခရိုင် ခါမ်းပါတ်မြို့ကို ထပ်မံသိမ်းယူနိုင်ခဲ့ပြီးနောက် တမူးမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ ဘန်ကာကတုတ်ကျင်းအခိုင်အမာချပြီး  PDF တွေရဲ့ ထိုးစစ်ကို ခုခံဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ခါမ်းပါတ်မြို့က စစ်ဘေးရှောင်တွေကတော့ မြို့ပေါ်ကို ပြန်ဝင်နေကြပြီး PDF တွေက ကလေး- တမူး- ဂန့်ဂေါလမ်းကို စိုးမိုးထားတယ်လို့ တမူးမြို့နယ်ပအဖ တာဝန်ရှိသူက ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါဘက်ကနေ ကလေး-တမူးအထိ လမ်းပိုင်းတလျှောက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပါတယ်။ စစ်ကောင်စီဘက်က ထပ်တိုးအင်အားတွေ၊ လေကြောင်းပစ်ကူတွေ ထပ်မရောက်လာတော့တာကြောင့် PDF တွေဘက်က ပိုပြီးနယ်မြေစိုးမိုးလာနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။

တမူးမြို့နယ် ပအဖ အမျိုးသမီးခေါင်းဆောင်တဦး “တမူး ပန်းသာဘက် တိုက်ပွဲဖြစ်နေတာပဲ။ ဗုံးခွဲတာ ၆ ကြိမ်လောက်ရှိပြီ။ ပန်းသာမှာ အရပ်သား မရှိတော့ဘူး။ ပျူစောထီးတွေနဲ့ စစ်ကောင်စီပဲရှိတော့တယ်။ မြို့ထဲကိုတော့ ပြန်နေကြပြီလေ ခါမ်းပါတ်ဘက်က စစ်ရှောင်တွေနဲ့ တခြားဘက်ကစစ်ရှောင်တွေကတော့ ပြန်နေနေကြပြီ။ အိန္ဒိယဘက်ကစစ်ရှောင်တွေလောက်ပဲ ဒီဘက် နယ်စပ်စည်း ပေါ်ကရွာတွေဘက်မှာ သွားနေနေကြတာပေါ့နော်။ ကလေးမြို့ဘက်ကလည်း ရာဇဂြိုဟ်ရွာ ၁၊ ရွာ ၂ ဘက်ကလည်း ပိတ်ထားတာ။ အဲ့တကြောလုံးမှာတော့ စစ်ကောင်စီ မရှိတော့ဘူး။ ခါးမ်ပါတတ်လမ်းမကြီးအပေါ်တော့ဟုတ်တယ် ဒါပေမဲ့  စစ်ရေးအမြင်အရဆိုရင် ခလယ်ပဲကျတာလေ ဟိုဘက်ရော ဒီဘက်ရော တိုက်နေတာဆိုတော့ ခါမ်းပါတ်ဘက်ကိုတော့ သူတို့ထပ်ပြီးလာတာမရှိတော့ဘူး။ ဟိုဖြစ်နေတဲ့ကာလတုန်းကတော့ လေယာဉ်ခဏခဏလာ တာပေါ့နော်၊ ခုနောက်ပိုင်းတော့ ထပ်လာတာမရှိတော့ဘူး။"

အိန္ဒိယနယ်စပ် စစ်ကိုင်း- ချင်းနယ်စပ်မြို့နယ်တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ စစ်ကောင်စီနဲ့ လက်အောက်ခံ ရှမ်းနီတပ် SNA၊ ကူကီးလက်နက်ကိုင်အဖွဲ့တွေနဲ့ ကသည်းသူပုန်အဖွဲ့တွေရှိနေပြီး နယ်မြေရှုပ်ထွေးတဲ့ ဒေသဖြစ်ပါတယ်။

ကလေး PDF ခေါင်းဆောင်တဦးက “နောက်ထပ်တွေ ဆက်ပြီးလုပ်ဖို့ကြတော့ အဓိကကတော့ ကျနော်တို့ကျည်အင်အားပေါ့နော်။ စခန်းတခုခုသိမ်းဖို့ ကျည်အင်အား သောင်းချီပြီးမှကုန်တာ။ နောက်ထပ်တွေ နောက်ထပ်တွေ ထပ်ထပ်ပြီးတော့ သိမ်းဖို့ကြတော့ ကျနော်တို့ ကျည်အင်အားတော့ တော်တော်လေးလိုအပ်နေပြီ။ ရှေ့ဆက်ပြီးတော့မှလည်း လုပ်ဆောင်ဖို့တွေရှိတာပေါ့။ တနေရာပြီး တနေရာပေါ့။ တလှိုင်းပြီး တလှိုင်းတော့ လာမှာပေါ့။ သိမ်းတုန်း သိမ်းဆည်းစခန်းတွေလည်း ရှိတယ်။ လုပ်မယ့် အစီအစဉ်တွေလည်း အများကြီးရှိတာပေါ့နော်။ အနောက်ကနေပြီးတော့ များများကူညီပေးကြနိုင်ဖို့ပေါ့။ အဲဒါလေးပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစပြီး လက်ရှိအချိန်အထိ ရက်သတ္တပတ် ၃ပတ်အတွင်း ရှမ်းပြည်နယ်မှာ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ မုန်းကိုး၊ နမ်ခမ်း၊ သိန္ဒီနဲ့ ကွမ်းလုံမြို့တွေကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းယူထားပြီး၊ စစ်ကိုင်းတိုင်းမှာ ကောလင်းမြို့နဲ့ ခါမ်းပါတ်မြို့၊ ချင်းပြည်နယ်မှာ ရိခေါဒါရ်မြို့တွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့တာကြောင့် စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့မြို့ ၉ မြို့အထိ ရှိလာခဲ့ပါတယ်။

အဲဒါအပြင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013