DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက် ဗုံးကြဲမှုနှင့် စစ်ကြောင်းထိုးမှုများ ပိုလုပ်လာ
သီရိ
·
April 16, 2026
လှိုင်းဘွဲတွင် စစ်တပ်ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်း။ (Photo: KNU)
လှိုင်းဘွဲတွင် စစ်တပ်ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်း။ (Photo: KNU)
Donate to DVB

စစ်အာဏာရှင်တပ်ဟာ သင်္ကြန်ကာလမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ သင်္ကြန်ပွဲကို စည်ကားအောင်လုပ်နေကြပေမဲ့ တဖက်မှာတော့ သင်္ကြန်ကာလ နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ ဒေသတွေကိုလည်း စစ်ကြောင်းထိုးတာ၊ မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။

နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွင်း စစ်တပ် စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ မြို့ပြတွေမှာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်အောင် ပုံစံမျိုးစုံနဲ့ ကျင်းပနေပါတယ်။

တဖက်မှာလည်း ကျေးလက်ဒေသတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ မြို့တွေကိုတော့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

DVB က ပြုစုထားတဲ့ စာရင်းအရ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာတော့ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ ၃ ယောက် သေဆုံးပြီး ၂၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ၂ ကြိမ်စီနဲ့ စစ်ကိုင်းတိုင်းထဲက အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ် စတဲ့နေရာတွေကို ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီ ၁၄ ရက်‌ သင်္ကြန်အကျနေ့မှာတော့ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို ၅ ကြိမ်နဲ့ ကရင်ပြည်နယ်က မူတြော် အခြေခံ အဆင့်မြင့်ကောလိပ် ကျောင်းဝင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အနောက်ခြမ်းက နတ်တလင်းမြို့နယ်ကိုလည်း သင်္ကြန်အကျနေ့ ညနေပိုင်းမှာ Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် သင်္ကြန်အကြတ်နေ့နဲ့ အတက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကို Y 12 လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဟာ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ အဆင်ပြေနေကြောင်း နိုင်ငံတကာကို ချပြချင်တာကြောင့် အခုလို ပွဲတော်တွေကို လုပ်ပြနေတာဖြစ်ပေမဲ့ တဖက်မှာတော့ အခါကြီး ရက်ကြီးတွေ၊ ပွဲတော်ရက်တွေမရှောင် ပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်တယ်လို့ ပဲခူးတိုင်းထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ဘယ်အချိန်ပဲဖြစ်ဖြစ်ပေါ့၊ သူ့မှာ အခါကြီးလည်း မရှိဘူး၊ ရက်ကြီးလည်း မရှိဘူး။ သီတင်းကျွတ်ကာလတွေမှာလည်း၊ နေ့ထူးနေ့မြတ်တွေမှာလည်း ယုတ်မာနေတာဖြစ်တယ်။ မတ်လ နောက်ဆုံးပတ်ကနေပြီးတော့ တဖြည်းဖြည်းနဲ့ သူတို့ လုပ်လာလိုက်တာ၊ သူ သမ္မတဖြစ်မဲ့ ရက်တွေမှာ ပိုတောင်ဆိုးသေးတယ်။ ဒါက ဘာလဲဆိုတော့ သူက သူ့တပည့်ကို တပ်ချုပ် လွှဲပေးလိုက်တယ်။ တပ်ချုပ်က လွှဲပေးရကျိုးနပ်တဲ့ ပုံစံမျိုး သူက လက်တွေ့ပြတာပေါ့နော်။ ကျနော်တို့ သာယာဝတီခရိုင်ထဲကို ဗုံး အကြိမ်ပေါင်းများစွာ ကြဲတယ်။ အိုးအိမ်တွေကို သူတို့ မီးရှို့ဖျက်ဆီးပစ်တယ်။ စစ်ကြောင်းတွေ မျိုးစုံ၊ ထောင့်ပေါင်းစုံက ထိုးတယ်။ အဲ့တော့ တချို့ပြည်သူတွေဆိုရင် အသတ်ခံရတာတွေရှိတယ်၊ စစ်ကြောင်းထိုးပြီးတော့။”

နတ်တလင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေကို ဧပြီ ၅ ရက်ကစလို့ စစ်တပ်က တပ်သား အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး သူတို့စစ်ကြောင်း ရောက်ရှိနေတဲ့ ကျေးရွာတွေကို သင်္ကြန်ကာလထဲမှာတောင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆက်ပြောပါတယ်။

ဧပြီ ၁၅ ရက်‌ သင်္ကြန်အကြတ်နေ့မှာတော့ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ် အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်က အမှိုက်နဲ့ ခြုံနွယ်တွေကို စစ်တပ်က မီးရှို့ရင်း ရပ်ကွက်အတွင်းက လူနေအိမ် ၁၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။

အရာတော်မြို့နယ်နဲ့ ဝက်လက်မြို့နယ် အစပ်က သလဲဘာ ပျူစောထီးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး Y 12 လေယာဉ်တွေနဲ့ သင်္ကြန်အတက်နေ့ မနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို နိုင်ငံရေးမတည်ငြိမ်နေတဲ့အချိန်မှာ မြို့ပြမှာ သင်္ကြန်ပွဲ ကျင်းပနေသူတွေကိုလည်း နိုင်ငံ စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်သေးတဲ့အချိန်မှာ သတိလေးနဲ့ ပျော်ရွှင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဒီလိုအချိန်မျိုးမှာတော့ စစ်ကြောင်းထိုးတာတွေ၊ ထိုးစစ်ဆင်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ အများကြီးရှိနေတယ်ဆိုတာကို ကျနော်တို့ ကြားသိ မြင်တွေ့နေကြရပါတယ်။ မြန်မာတို့ရဲ့ ရိုးရာ အတက်သင်္ကြန်ပွဲကာလမှာ တချို့ဒေသတွေမှာ ပျော်ရွှင်နေကြတာလည်း ပျော်ရွှင်ကြပေါ့ဗျာ။ ဒါပေမဲ့ စာနာမှုလေးတော့ ရှိသင့်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် ရှိနေသေးသရွေ့ တိုင်းပြည်ဟာ ပုံစံတမျိုးမဟုတ်တမျိုး သေမင်းကျနေတယ်ဆိုတာကို ကျနော်တို့အားလုံး သတိပြုသင့်ပါတယ်လို့ပဲ..” လို့ ပြောပါတယ်။

စစ်တပ်ဟာ နိုင်ငံတွင်းမှာ စက်သုံးဆီရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာပဲ သူတို့ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပြင် တခြားမြို့တွေမှာလည်း သင်္ကြန်ပွဲကို အရင်အာဏာသိမ်းကာစနှစ်တွေထက် ပိုပြီးစည်ကားအောင် ကျင်းပခဲ့ကြသလို ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေကို ဗုံးကြဲတာ၊ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013