DVB Logo
Home
မြန်မာသတင်း
တမူး၊ ကောလင်းနှင့် ကလေးမြို့တို့တွင် တိုက်ပွဲဖြစ်၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ
DVB
·
November 3, 2023
တမူး၊ ကောလင်းနှင့် ကလေးမြို့တို့တွင် တိုက်ပွဲဖြစ်၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး ခမ်းပတ်ဆေးရုံနဲ့ ရဲစခန်းကို ရရှိထားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ ခမ်းပတ်စစ်တပ်ကုန်းနဲ့ ဝိတုတ်ရွာ စစ်တပ်ကုန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တမူးခရိုင် တပ်ရင်း-၁၊ တပ်ရင်း-၂၊ ABSDF၊ KNA-B (Kukie National Army) တို့က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဒီမနက် ၄ နာရီဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက အသာစီးရထားတယ်လို့ ပြောလို့ရမယ်။ စစ်ကောင်စီဘက်က အကျအဆုံးရှိနေတယ်။ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေ ပြင်းထန်နေပြီး ခမ်းပတ်မြို့ပေါ်က အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်၊ ကနန်ရွာ၊ ကမ္မကြီး၊ နန်းကတိတ်၊ နန်းခေါက်ခေါက်၊ မင်းသမီး၊ ဝိတုတ်၊ ဘုက္ကန် စတဲ့ကျေးရွာတွေက ဒေသခံ ၂,၀၀၀ ကျော် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က အကျအဆုံးများနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရသူတချို့ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာလည်း နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရခိုင့်တပ်တော် (AA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရပါတယ်။

ကောလင်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “တိုက်ပွဲက မနက် ၄ နာရီလောက် စဖြစ်တာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။ မနက်အစောကြီး ရဲစခန်းသိမ်းပြီး မနက် ၈ နာရီလောက်က စစ်တပ်က လေယာဉ်နဲ့ပစ်နေပြီ။ မြို့ထဲကလူတချို့လည်း မြို့ပြင်ထွက်ပြေးနေကြတယ်။ တချို့တွေလည်း မြို့ထဲ ပိတ်မိနေတာလည်း ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ ကောလင်းမြို့ အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံတချို့ မြို့တွင်းပိတ်မိနေသလို တချို့ပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကျော်ရွာအုပ်စုဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံ ၅,၀၀၀ ဝန်းကျင် ထွက်ပြေးနေကြရတယ်လို့ ‌ခုံတုံးမြို့သာရွာ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ရန်ကြီးအောင် စစ်ကောင်စီတပ်စခန်းနဲ့ မြောက်စည်းရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။

ခုံတိုးမြို့သာရွာသားတဦးက “ဒီမနက် အစောကတည်းကစ အသံတွေ ကြားနေရတာပဲ။ ကျနော်တို့ရွာသားတွေက‌တော့ ပြေးကြတယ်။ တချို့ အသက်ကြီးတဲ့သူတွေကတော့ မပြေးနိုင်လို့ အိမ်ထဲမှာ နေခဲ့ကြရတာ” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲ‌ကြောင့် ကျော်ရွာအုပ်စုက မြောက်စည်းရွာ၊ ခုံတိုးမြို့သာရွာနဲ့ တောင်စည်းရွာက ဒေသခံ ၅,၀၀၀ ဝန်းကျင်လောက် တောတောင်တွေထဲ တိမ်းရှောင်နေကြရပြီး စာရေရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲဖြစ်နေတာကတော့ ဟုတ်ပါတယ်။ အခြေအနေ အသေးစိတ်တော့ သေချာပြောပြလို့ မရသေးဘူး” လို့ ပြောပါတယ်။

‌ကျော်ရွာအုပ်စုတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကလေးမြို့ အဖွဲ့စုံ စစ်‌ကောင်စီ စစ်ဆေးရေးဂိတ်က တာဝန်ရှိသူတဦးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲ့ဒီတိုက်ပွဲကြောင့် တင်သားရွာအုပ်စုက ဒေသခံတွေကိုလည်း ကလေး PDF တပ်ဖွဲ့က ရွာထဲကနေ ရွာပြင်မထွက်ခိုင်းဘူးလို့ တင်သားရွာခံတွေက ပြောပါတယ်။

အခုဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်ပြုလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013