
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ဧပြီ ၁၀ ရက်အထိ စစ်အာဏာရှင်တပ်ကြောင့် ဘုန်းကြီးနဲ့ သီလရှင်တွေ အပါအဝင် ဘာသာရေးကဏ္ဍက ၉၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၁၈ ယောက် ပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ ၁၉ ယောက်နဲ့ အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်က ၁၆ ယောက်နဲ့ ဒုတိယအများဆုံးပါ။
သေဆုံးရတဲ့ အဓိကအကြောင်းရင်းက လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၄၉ ယောက် သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် လက်နက်ကြီးကြောင့် ၁၆ ယောက် သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာက စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲလို့ ဦးပဉ္ဇင်း ပုညနဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးနဲ့ ဆက်စပ်ပြီး ဘာသာရေးပုဂ္ဂိုလ် ၁၆၉ ယောက် ဖမ်းဆီးခံခဲ့ရပြီး မန္တလေးတိုင်းမှာ ၆၁ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။











