DVB Logo
Home
မြန်မာသတင်း
AAPP ပူးတွဲထူထောင်သူ ဦးဘိုကြည် ရေမွန်မက်ဆေးဆေးဆု ရရှိ 
DVB
·
August 31, 2026
Photo: Ramon Magsaysay Award
Photo: Ramon Magsaysay Award
Donate to DVB

အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်ဝေါ်တဲ့ ရေမွန်မက်ဆေးဆေးဆုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပူးတွဲထူထောင်သူ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပူးတွဲရရှိသွားတယ်လို့ ဖိလစ်ပိုင်အခြေစိုက်  ရေမွန်မက်ဆေးဆေးဆုဖောင်ဒေးရှင်က ဩဂုတ် ၃၁ ရက် ဒီကနေ့ ကြေညာပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများအရေးလှုပ်ရှားသူ ဦးဘိုကြည်၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအရေး မြှင့်တင်ဆောင်ရွက်နေတဲ့ စင်ကာပူ ဝါရင့်သံတမန် တော်မီခိုးနဲ့  ဘင်္ဂလားဒေ့ရှ် ဝေးလံခေါင်ဖျားဒေသက ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ တီထွင်ဆန်းသစ် လုပ်ဆောင်နေသူ ရူနာခန်းတို့ကို  ၂၀၂၆ ခုနှစ်အတွက် ပူးတွဲဆုရှင်တွေအဖြစ် ကြေညာလိုက်တာပါ။

မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်တွေ ရုပ်သိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် မားမားမတ်မတ် ရပ်တည်လုပ်ဆောင်ခဲ့တဲ့ ဦးဘိုကြည်ဟာ အမှန်တရား၊ တာဝန်ယူမှုနဲ့ တရားမျှတမှုတို့အတွက် မဆုတ်မနှစ် ကြိုးပမ်းအားထုတ်ခဲ့တဲ့ သူ့ဘဝတလျှောက်လုံး ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ဆုပေးအပ်တာလို့  ရာမွန်မက်ဆေဆေ ဆုပေးပွဲ ဖောင်ဒေးရှင်းဘုတ်အဖွဲ့က ပြောပါတယ်။ 

ရေမွန်မက်ဆေးဆေးဆုဖောင်ဒေးရှင် ဥက္ကဋ္ဌ အက်ဂါအိုချူအာက ဦးဘိုကြည်ဟာ မိမိကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ အတွေ့အကြုံကနေ ထောင်ဒဏ်ကျခံနေရဆဲ ပုဂ္ဂိုလ်တွေအတွက် ဘဝတလျှောက်လုံး အနစ်နာခံ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်၊ သူဟာ နှစ်ပေါင်းများစွာအတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်တာ၊ မိသားစုတွေကို ကူညီစောင့်ရှောက်ပေးတာနဲ့ သူတို့ရဲ့ အကြောင်းတွေကို ကမ္ဘာက သိရှိအောင် အစဉ်မပြတ် ဆောင်ရွက်တာတွေနဲ့ အသံတိတ်ခံထားရသူတွေရဲ့ ပုံရိပ်တွေ ပျောက်ကွယ်မသွားစေဖို့ စွမ်းဆောင်ခဲ့သူဖြစ်လို့ ဆုချီးမြှင့်တာလို့  ဆုကြေညာတဲ့ ရုပ်သံမှာ ပြောပါတယ်။ 

ကိုဘိုကြည်ဟာ ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အကျဉ်းထောင်မှာ စုစုပေါင်း ၇ နှစ်ကြာ ၂ ကြိမ်တိုင်တိုင် ထောင်ဒဏ် ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက် ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ပူးတွဲထူထောင်ခဲ့ပြီး စစ်အုပ်ချုပ်ရေးအောက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခုအချိန်အထိ မှတ်တမ်းတင်ရင်း အကျဉ်းကျခံနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကူညီပံ့ပိုးဆောင်ရွက်ပေးနေတာပါ။

ရေမွန်မက်ဆေးဆေးဆုဖောင်ဒေးရှင် ဘုတ်အဖွဲ့ဝင် ကုတ်ချကွန် ဝိုရာအာခွန်က  “လွတ်လပ်မှုဆိုတာ ဘာလဲ။ အကျဉ်းထောင်တံခါးကို သော့ခတ်ထားပြီး တခြားသူတယောက်က ဒီသော့ကို ကိုင်ဆောင်ထားတဲ့ အချိန်ကျမှသာ ဒီမေးခွန်းရဲ့ လေးနက်မှုကို ကျွန်ုပ်တို့ နားလည်သဘောပေါက်လေ့ ရှိကြပါတယ်။ ကိုဘိုကြည်ဟာ ဒီအဓိပ္ပာယ်ကို ကောင်းစွာ သိရှိသူ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ၁၉၈၈ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ကျောင်းသား လှုပ်ရှားသူတယောက်အဖြစ် ပါဝင်ခဲ့စဉ်က သူရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးထောင်ဒဏ် ချခံခဲ့ရတယ်။ သူဟာ မိမိ လွတ်လပ်ခွင့်တွေကို ရုပ်သိမ်းခံရခြင်းနဲ့ မိမိဘဝကို အာဏာပိုင်တွေရဲ့ လက်ထဲသို့ အပ်နှင်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ကိုယ်တွေ့ ကြုံဆုံခဲ့ရသူဖြစ်တယ်။ ဒါပေမဲ့ သူ ထောင်မှ လွတ်မြောက်လာတဲ့အခါ အကျဉ်းထောင်အတွင်း ကျန်ရစ်ခဲ့သူတွေကို စွန့်ပစ်မသွားဖို့ ရွေးချယ်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်မှာ အကျဉ်းသားဟောင်းတွေရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး နိုင်ငံရေးအကျဉ်းသားများ အချက်အလက် မှတ်တမ်းတင်ရေးနဲ့ ကျန်ရစ်သူ မိသားစုတွေကို ကူညီစောင့်ရှောက်ရေးအတွက် ရည်ရွယ်ကာ AAPP အဖွဲ့ကို စတင်ထူထောင်ရာမှာ ကူညီပေးခဲ့တယ်။ နှစ်ပေါင်းများစွာတိုင်အောင် ထောင်တံခါးနောက်ကွယ်ရှိသူတွေ မေ့ပျောက်မသွားစေဖို့ ဆောင်ရွက်ခဲ့တယ်။ သူတို့ရဲ့ သမိုင်းကြောင်းတွေကို မှတ်တမ်းတင်ခဲ့တယ်၊ မိသားစုတွေကို ကူညီပေးခဲ့တယ်၊ ဒါ့အပြင် သူတို့ရဲ့ အတွေ့အကြုံတွေကို ထောင်နံရံတွေထက် ကျော်လွန်ပြီး ကမ္ဘာက သိရှိအောင် ပြုလုပ်ပေးခဲ့တယ်”လို့ ရုပ်သံမှာ ပြောပါတယ်။

AAPP ဟာ ခိုင်မာတိကျတဲ့ မှတ်တမ်းပြုစုမှုတွေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေကနေတဆင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ စေတနာဝန်ထမ်း စနစ်တကျ အနစ်နာခံမှုတွေနဲ့ သမိုင်းကြောင်းတွေ မေ့ပျောက်မသွားစေဖို့ ဆောင်ရွက်နိုင်ခဲ့ရုံမက၊ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကမ္ဘာက အာရုံစိုက်လာစေဖို့  ကူညီဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒီဆုကို လက်ခံရရှိတဲ့အတွက် လွန်စွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဦးဘိုကြည်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ကျေးဇူးတင်လွှာ ထုတ်ဖော်ရေးသားထားပါတယ်။

ဒီဆုဟာ မတရားမှုကို တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် အကျဉ်းထောင်တံခါးတွေနောက်မှာ ကြံ့ကြံ့ခံ ရပ်တည်နေဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်  ရည်စူးတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အားလုံး စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်းသွားကြမယ်ဆိုရင် ပြည်သူတွေနဲ့ ဒေသတွင်းအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မဲ့ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း  ဦးဘိုကြည်က ပြောပါတယ်။

ဒီဆုကို ဖိလစ်ပိုင်သမ္မတဟောင်း ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၇ ခုနှစ်က စတင် ပေးအပ်ခဲ့တာ ဖြစ်ပြီး အခုတကြိမ်ဟာ  ၆၈ ကြိမ်မြောက် ရှိသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံက သတင်းစာဆရာ ဦးလောရုံ၊ ထိုင်း-မြန်မာ နယ်စပ်က  ဒေါက်တာစင်သီယာမောင်၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ကရင်အမျိုးသား ကဆောဝါး၊ နာရေးကူညီမှုအသင်းက ဦးကျော်သူ၊ ကချင်အမျိုးသမီး လဖိုင်ဆန်းရော်နဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ်  ကိုဆွေဝင်းက တို့လည်း ဒီဆုကို ရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013