DVB Logo
Home
မြန်မာသတင်း
“အရှေ့တောင်အာရှဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်ကျူးလွန်သူများအတွက် လုံခြုံခိုလှုံရာနေရာ မဖြစ်သင့်ဘူး”- ရေမွန်မက်ဆေးဆေးဆုရှင် ဦးဘိုကြည် 
DVB
·
November 16, 2026
Photo: Ramon Magsaysay Award
Photo: Ramon Magsaysay Award
Donate to DVB

 

နိုင်ငံရေးအကျဉ်းသားများအရေးလှုပ်ရှားသူ ဦးဘိုကြည်ကို ဖိလစ်ပိုင်အခြေစိုက် ရေမွန်မက်ဆေးဆေးဆုဖောင်ဒေးရှင်း (RMAF) က ၂၀၂၆ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆု ပေးအပ် ချီးမြှင့်လိုက်ပါတယ်။

၂၀၂၆ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆုတွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပူးတွဲထူထောင်သူ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအရေး မြှင့်တင်ဆောင်ရွက်နေတဲ့ စင်ကာပူ ဝါရင့်သံတမန် တော်မီခိုးနဲ့  ဘင်္ဂလားဒေ့ရှ် ဝေးလံခေါင်ဖျားဒေသက ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ တီထွင်ဆန်းသစ် လုပ်ဆောင်နေသူ ရူနာခန်းတို့ ၃ ယောက်ကို  မနီလာမြို့မှာ နိုဝင်ဘာ ၁၅ ရက်က အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်လိုက်တာပါ။

ဦးဘိုကြည်ရဲ့ အမှန်တရား၊ တာဝန်ခံမှုနဲ့ တရားမျှတမှုတို့အတွက် မမှိတ်မသုန် ကြိုးပမ်းခဲ့တဲ့ တသက်တာ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တာလို့  ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

“သူ့ရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုဟာ ထူးခြားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ ဒီမိုကရေစီနဲ့ လူ့ဂုဏ်သိက္ခာဆိုတာ အမြဲတမ်း ကာကွယ်စောင့်ရှောက်ဖို့ ထိုက်တန်တယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေကို ထင်ဟပ်နေပါတယ်။”

ဦးဘိုကြည်ဟာ  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ပူးတွဲတည်ထောင်ခဲ့ပြီး အဲဒီအသင်းကနေတဆင့် လူတွေရဲ့ ဖြစ်တည်မှုဂုဏ်သိက္ခာကို ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့သလို သူတို့ရဲ့ အနာဂတ်တွေကို ပြန်လည်ရယူနိုင်အောင် ကူညီပေးခဲ့တယ်လို့   ရေမွန်မက်ဆေးဆေးဆု ဖောင်ဒေးရှင်းက  မှတ်ချက်ပြုထားပါတယ်။

ဆုလက်ခံရယူတဲ့ မိန့်ခွန်းမှာတော့ ဦးဘိုကြည်က ဖောင်ဒေးရှင်းကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကွယ်လွန်သူ ဖိလစ်ပိုင်သမ္မတ ရေမွန်မက်ဆေးဆေးရဲ့ အမည်နာမ၊ မျှော်မှန်းချက်နဲ့ အမွေအနှစ်တွေကို ဆောင်ကြဉ်းထားတဲ့ အခုလိုဆုမျိုးကို လက်ခံရရှိတဲ့အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဦးဘိုကြည်က “အရှေ့တောင်အာရှဟာ နိုင်ငံတကာဥပဒေကို ပြင်းထန်စွာချိုးဖောက် ကျူးလွန်သူတွေအတွက် လုံခြုံခိုလှုံရာနေရာတခု မဖြစ်သင့်ပါဘူး။ ဖိလစ်ပိုင်အစိုးရနဲ့ ဖိလစ်ပိုင်ပြည်သူတွေ၊ ရေမွန်မက်ဆေးဆေး ဖောင်ဒေးရှင်းတို့ကို မြန်မာပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေ ပြန်လည်ရရှိစေရေးအတွက် ကူညီပေးကြဖို့ မျှော်လင့်ပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်စေရေးအတွက် စစ်အုပ်စုအပေါ် စုပေါင်းပြီး ထိရောက်တဲ့ဖိအားတွေ ပေးကြဖို့ မျှော်လင့်ပါတယ်”လို့ ဆုပေးပွဲအခမ်းအနားမှာ ပြောပါတယ်။ 

ဆုပေးပွဲအခမ်းအနားမှာ ဦးဘိုကြည်က စစ်အာဏာရှင်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ကျဆုံးသွားခဲ့ကြတဲ့  မြန်မာပြည်သူတွေရဲ့ နာမည်တွေ ရေးထိုးထားတဲ့ ပဝါနဲ့ ချုပ်ထားတဲ့ အင်္ကျီကို ဝတ်ဆင်မိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပြီး စစ်အုပ်စုနဲ့ ဆက်ဆံပူးပေါင်းမှုတွေမလုပ်ကြဖို့နဲ့ တရားမျှတမှုရရှိရေး ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့လည်း တိုက်တွန်းပြောသွားပါတယ်။ 

“မြန်မာနိုင်ငံမှာ အလွန်ကြီးမားတဲ့ ဒုက္ခဆင်းရဲတွေကို ဖြစ်ပေါ်စေခဲ့တဲ့ ဒီစစ်အုပ်စုဟာ တရားဝင်အစိုးရ မဟုတ်တဲ့အတွက် သူတို့နဲ့ ဆက်ဆံပူးပေါင်းမှုတွေမပြုလုပ်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ဆက်လက်ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ဖိလစ်ပိုင်တရားရုံးတွေကနေတဆင့် တရားမျှတမှုရရှိရေး ကြိုးပမ်းနေ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နဲ့ ချင်းတိုင်းရင်းသား အသက်ရှင်ကျန်ရစ်နေသူတွေနဲ့အတူ ကျနော်လည်း တသားတည်း ရပ်တည်ပါတယ်။ သူတို့ရဲ့ မယိမ်းမယိုင်တဲ့ သတ္တိဟာ တရားမျှတမှုမှာ နယ်နိမိတ်ဆိုတာ မရှိကြောင်း ကျနော်တို့ကို သတိပေးနေပါတယ်။ ဖိလစ်ပိုင် အာဏာပိုင်တွေကိုလည်း တရားဥပဒေစိုးမိုးရေးကို လိုက်နာစောင့်ထိန်းကြဖို့ တိုက်တွန်းလိုပါတယ်။ ဖိလစ်ပိုင်ပြည်သူတွေကိုလည်း စစ်ရာဇဝတ်မှုတွေအတွက် မြန်မာစစ်အုပ်စုကို နိုင်ငံတကာတရားစီရင်ပိုင်ခွင့် အခြေခံမူ (Universal Jurisdiction ) အရ တာဝန်ခံစေရေး ကြိုးပမ်းနေကြတဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ လှုပ်ရှားမှုမှာ အတူတကွရပ်တည် ပေးကြဖို့ တိုက်တွန်းလိုပါတယ်။” 

ဦးဘိုကြည်ဟာ ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အကျဉ်းထောင်မှာ စုစုပေါင်း ၇ နှစ်ကြာ ၂ ကြိမ်တိုင်တိုင် ထောင်ဒဏ် ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက် ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ထိုင်း-မြန်မာနယ်စပ်မှာ   ပူးတွဲထူထောင်ခဲ့ပြီး စစ်အုပ်ချုပ်ရေးအောက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခုအချိန်အထိ မှတ်တမ်းတင်ရင်း အကျဉ်းကျခံနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကူညီပံ့ပိုး ဆောင်ရွက်ပေးနေတာပါ။

အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်ဝေါ်တဲ့ ရေမွန်မက်ဆေးဆေးဆုကို ဖိလစ်ပိုင် သမ္မတဟောင်း ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၇ ခုနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး အခုတကြိမ်ဟာ  ၆၈ ကြိမ်မြောက် ရှိသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံက သတင်းစာဆရာ ဦးလောရုံ၊ ထိုင်း-မြန်မာ နယ်စပ်က ဒေါက်တာစင်သီယာမောင်၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ကရင်အမျိုးသား ကဆောဝါး၊ နာရေးကူညီမှုအသင်းက ဦးကျော်သူ၊ ကချင်အမျိုးသမီး လဖိုင်ဆန်းရော်နဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ်  ကိုဆွေဝင်းက တို့လည်း ဒီဆုကို ရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013