
ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဦးဆောင်တဲ့ တရုတ်လူမျိုး ၃ ဦးကို ချွမ်ကျိုးပြည်သူ့တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံက လိမ်လည်မှုတွေမှာ တရုတ်လုပ်ငန်းရှင်တဦး ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းအသစ်တခုလည်း ထွက်ပေါ်လာပါတယ်။ ဒီသတင်းတွေကြောင့် အာရှနိုင်ငံတွေကြားမှာ အွန်လိုင်းလိမ်လည်မှုတွေကို ဘယ်လို ပူးပေါင်းနှိမ်နင်းကြမလဲဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းတခု ထွက်ပေါ်လာပါတယ်။ ဒီလိမ်လည်မှုဂိုဏ်းတွေဟာ လူမှောင်ခိုကူးတာ၊ ပြန်ပေးဆွဲတာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာနဲ့ အတင်းအကျပ် ပြည့်တန်ဆာလုပ်ခိုင်းတာတွေလည်း ကျူးလွန်ကြပါတယ်။ ဒါ့အပြင် တရားမဝင် ကာစီနိုတွေ၊ အွန်လိုင်းလောင်းကစားတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဝန်ထမ်းတွေကို သတ်ဖြတ်တာမျိုးတွေလည်း ပါဝင်နေပါတယ်။ နိုင်ငံအသီးသီးက သားကောင်ဖြစ်ရသူတွေရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ခိုးယူတာတွေလည်း လုပ်ဆောင်နေကြပါတယ်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှာ ‘ဝေ’ မိသားစုဝင် သုံးဦးဖြစ်တဲ့ ဝေဟွမ်ရန်၊ ချန်တာဝေ နဲ့ လျောင်ကျင်းဖန်တို့ကို ချွမ်ကျိုးပြည်သူ့တရားရုံးကနေ သေဒဏ်ချမှတ်လိုက်ပါတယ်။ သူတို့ဟာ လူအများအပြားကို ဒုက္ခရောက်စေခဲ့တဲ့ လိမ်လည်မှုတွေကို ဦးဆောင်ကျူးလွန်ခဲ့ပြီး တရုတ်ယွမ်ငွေ ၁၂ ဒသမ ၂ ဘီလီယံကျော် အမြတ်ထုတ်ခဲ့တယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့ထုတ် The Standard သတင်းစာမှာ ဖော်ပြထားပါတယ်။ ငွေလိမ်ဂိုဏ်းက တခြားအဖွဲ့ဝင် သုံးဦးဖြစ်တဲ့ ဝေချင်ထောင်း၊ ကန်းမင်နဲ့ ရှုံးဟန်ရှင်းတို့ကိုတော့ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့ ဂိုဏ်းခေါင်းဆောင် ၅၅ ဦးကိုလည်း ထောင်ဒဏ် ၃ နှစ်ခွဲကနေ ၂၄ နှစ်အထိ အသီးသီး ချမှတ်ခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်ထုတ် South China Morning Post သတင်းစာမှာ ဖော်ပြပါတယ်။
ဒီ ‘ဝေ’ မိသားစုဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးဆိုပြီး အဓိက ထောက်တိုင်သုံးခုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ တရုတ်မိသားစုကြီး လေးစုထဲက တစုဖြစ်တယ်လို့ The Hong Kong Standard သတင်းစာမှာ ဖော်ပြပါတယ်။ သူတို့ဟာ အွန်လိုင်းငွေလိမ်လည်တဲ့ လုပ်ငန်းခွင် စုစုပေါင်း ၁၄ ခုကို ဖွင့်လှစ်ထားပါတယ်။ တရုတ်ပြည်မကြီးကလူတွေကိုလည်း လစာကောင်းကောင်းပေးမယ်ဆိုပြီး လိမ်လည်ဆွဲဆောင်ကာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ လာလုပ်ဖို့ ခေါ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ အလိမ်ခံရသူတွေ မြန်မာနိုင်ငံဘက်ကို ရောက်လာတာနဲ့ တပြိုင်နက် ပြန်ပေးဆွဲ၊ နှိပ်စက်ပြီး အွန်လိုင်းလိမ်လည်တဲ့ စခန်းတွေမှာ အတင်းအကျပ် အလုပ်ခိုင်းစေပါတယ်။ မိသားစုရဲ့ ခေါင်းဆောင်ပိုင်းတွေကတော့ သူဌေးကြီးတွေလို နေထိုင်ကြပါတယ်။ သတ်မှတ်ထားတဲ့ အလုပ်ပမာဏ မပြည့်တဲ့သူတွေ၊ ခိုင်းတာကို မလုပ်တဲ့သူတွေကို သံကြိုးတွေ၊ နှိပ်စက်တဲ့ ကိရိယာတွေသုံးပြီး အပြစ်ပေးကြပါတယ်။ တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီမိသားစုရဲ့ စခန်းကို ဝင်ရောက်စီးနင်းတဲ့အခါမှာ ဦးခေါင်းမှာ ကျည်ဖောက်ဝင်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေသူတွေကို တွေ့ခဲ့ရပါတယ်။ ဒီ ‘ဝေ’ မိသားစုကြောင့် တရုတ်နိုင်ငံသား အနည်းဆုံး နှစ်ဦး သေဆုံးခဲ့ရတယ်လို့ အောက်တိုဘာ ၁၄ ရက်နေ့ထုတ် Independent သတင်းစာက ဆိုပါတယ်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုတွေကို နှိမ်နင်းဖို့ ၂၀၂၄ ခုနှစ်ကတည်းက မြန်မာအာဏာပိုင်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်တနှစ်တည်းမှာတင် အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်ရေးကွန်ရက်သုံး လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ မသင်္ကာသူ တရုတ်နိုင်ငံသား ၇,၆၀၀ ကို မြန်မာနိုင်ငံ မြဝတီမြို့ကနေ တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ Independent သတင်းစာမှာ ဖော်ပြထားပါတယ်။
‘ဝေ’ မိသားစုဝင်တွေကို ပြစ်ဒဏ်မချမှတ်ခင် ကိုးလလောက်အလိုမှာ တရုတ်အစိုးရဟာ နောက်ထပ် မိသားစုတခုဖြစ်တဲ့ ‘မင်’ မိသားစုဝင် ၁၁ ဦးကို သေဒဏ်ပေးခဲ့ပါသေးတယ်။ သူတို့ဟာ ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုတွေကို ကြီးကြီးမားမား ကျူးလွန်ခဲ့သူတွေ ဖြစ်တယ်လို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ထုတ် BBC News မှာ ဖော်ပြထားပါတယ်။အခုလို ‘ဝေ’ မိသားစုရဲ့ ခေါင်းဆောင်ပိုင်းကို ပြစ်ဒဏ်ချမှတ်လိုက်တာကို ကြည့်ရင် တရုတ်အစိုးရအနေနဲ့ ဒီလိမ်လည်မှုတွေကို နှိမ်နင်းဖို့ နိုင်ငံရေးဆန္ဒ ဘယ်လောက် ပြင်းပြနေသလဲဆိုတာ မြင်နိုင်ပါတယ်။ ဒါ့အပြင် လိမ်လည်မှုတွေကို ဦးဆောင်နေတဲ့ တရုတ်လူမျိုးတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှု အခြေအနေတွေဟာ အနည်းငယ်တော့ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး ဒီရာဇဝတ်မှုတွေကို ဆက်လက် နှိမ်နင်းသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
‘ဝေ’ မိသားစုရဲ့ ခေါင်းဆောင်ပိုင်းတဦးဖြစ်တဲ့ ချန်တာဝေဟာ သူ့လက်အောက်က လက်နက်ကိုင်တပ်ဖွဲ့ကို သုံးပြီး လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ရတယ်လို့ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Global Times မှာ ဖော်ပြပါတယ်။ "မြန်မာအခြေစိုက် ဆက်သွယ်ရေးလိမ်လည်မှုများ၏ နိဂုံး" (The Demise of Myanmar-based Telecom Fraud) ဆိုတဲ့ CCTV မှတ်တမ်းရုပ်ရှင်မှာလည်း ချန်တာဝေ ကို မေးမြန်းထားတာ ပါဝင်ပါတယ်။ ယဇ်ပူဇော်တဲ့အနေနဲ့ လူတွေကို သတ်ဖြတ်တဲ့အခါ ဘယ်လိုခံစားရလဲလို့ မေးတဲ့အခါ သူက "ဘယ်လိုမှ မခံစားရဘူး" လို့တောင် ပြန်ဖြေခဲ့ပါတယ်။
တရုတ်နိုင်ငံရေးသိပ္ပံနဲ့ ဥပဒေတက္ကသိုလ်က ပရော်ဖက်ဆာ ဟိုကျန်းရှင်းရဲ့ အဆိုအရ နယ်စပ်ဖြတ်ကျော် လိမ်လည်မှုဂိုဏ်းတွေမှာ ပါဝင်တဲ့ တရုတ်လူမျိုးတွေကို သေဒဏ်ပေးတာဟာ တရုတ်နိုင်ငံ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၈) ကို ကျင့်သုံးလိုက်တာလို့ ဆိုပါတယ်။ လူ့ကျင့်ဝတ်ကင်းမဲ့တဲ့ တရုတ်နိုင်ငံသား လိမ်လည်သူတွေကို အပြစ်ပေးဖို့ ဒီဥပဒေကို သုံးခဲ့တာဖြစ်ကြောင်း Global Times သတင်းစာက ဖော်ပြပါတယ်။
တရားစီရင်ပိုင်ခွင့်နှင့် ပြည်ပအထိ အာဏာသက်ရောက်မှု
တရုတ်ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၈) မှာ တရုတ်နိုင်ငံတော် (သို့မဟုတ်) တရုတ်နိုင်ငံသားတွေကို ထိခိုက်နစ်နာစေမဲ့ ရာဇဝတ်မှုမျိုးကို ပြည်ပနိုင်ငံတခုခုမှာ ကျူးလွန်ခဲ့ရင် ကျူးလွန်သူ နိုင်ငံခြားသားတွေကိုပါ ဒီဥပဒေနဲ့ အရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ အဲဒီပြစ်မှုဟာ အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ကျခံရနိုင်တဲ့ ပြစ်မှုမျိုး ဖြစ်ရမဲ့အပြင်၊ ကျူးလွန်တဲ့နိုင်ငံရဲ့ ဥပဒေအရလည်း ပြစ်မှုမြောက်ဖို့တော့ လိုပါတယ်။ ဒါကြောင့် လိမ်လည်မှုတွေကို ဦးဆောင်သူတွေဟာ တခြားနိုင်ငံက နိုင်ငံသားခံယူထားရင်တောင်မှ၊ တရုတ်အစိုးရအနေနဲ့ သူတို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၈) ကို သုံးပြီး အပြစ်ပေးနိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ဒါ့အပြင် ပုဒ်မ ၇ မှာလည်း တရုတ်နိုင်ငံသားတဦးဦးဟာ တရုတ်နိုင်ငံပြင်ပမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့မယ်ဆိုရင် ဒီဥပဒေနဲ့ အရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ ပြင်ပမှာ လိမ်လည်မှုဂိုဏ်းတွေ ဖွဲ့စည်းပြီး ရာဇဝတ်မှု ကျူးလွန်နေတဲ့ တရုတ်လူမျိုးတွေကိုလည်း တရုတ်ဥပဒေနဲ့ အပြစ်ပေးနိုင်ပါတယ်။
မိမိနိုင်ငံသားတွေကို ကာကွယ်ပိုင်ခွင့်ဆိုတာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ အခြေခံမူ တခုဖြစ်တယ်" လို့ ပရော်ဖက်ဆာ ဟိုက မှတ်ချက်ပြုပါတယ်။ Global Times သတင်းစာကလည်း မြန်မာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးလိမ်လည်မှုတွေဟာ တရုတ်နိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွေက ပြည်ပအထိ အာဏာသက်ရောက်နိုင်တယ်ဆိုတာကို ပြသတဲ့ အကောင်းဆုံး ဥပမာတခု ဖြစ်တယ်လို့ အလေးပေး ဖော်ပြခဲ့ပါတယ်။
"မြန်မာအခြေစိုက် ဆက်သွယ်ရေးလိမ်လည်မှုများ၏ နိဂုံး" မှတ်တမ်းရုပ်ရှင်ထဲမှာလည်း အရေးကြီးတဲ့ အချက်တခုကို ထည့်သွင်းပြသခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ လိမ်လည်သူ တရုတ်လူမျိုးတွေကို လွှဲပြောင်းပေးဖို့နဲ့ လောက်ကိုင်မြို့က စခန်းတွေမှာ တရုတ်ရဲတွေကို သက်သေအထောက်အထား ကောက်ယူခွင့်ပေးဖို့ ကိစ္စမှာ၊ နယ်စပ်ဖြတ်ကျော် သက်သေယူရမဲ့ အပိုင်းကို မြန်မာအာဏာပိုင်တွေဘက်က စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နှစ်ဖက်ညှိနှိုင်းပြီးတဲ့နောက်မှာတော့ တရုတ်ရဲတပ်ဖွဲ့ကို အွန်လိုင်း ငွေလိမ်လည်မှုစခန်းတွေထဲမှာ နာရီအနည်းငယ်ကြာ သက်သေရှာယူခွင့်ပြုဖို့ သဘောတူညီမှု ရခဲ့ကြပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းကနေ တရုတ်လူမျိုး လိမ်လည်သူတွေနဲ့ သားကောင် ဖြစ်ရသူ အများအပြားကို တရုတ်ပြည်ဆီ ပြန်ပို့နိုင်ခဲ့တာဟာ တကယ့်ကို အောင်မြင်မှုပါပဲ။ နယ်စပ်ဖြတ်ကျော် တရားခံလွှဲပြောင်းရေးမှာ အောင်မြင်ခဲ့ရုံသာမက၊ တရုတ်-မြန်မာ ရဲတပ်ဖွဲ့ နှစ်ရပ်ရဲ့ ပူးပေါင်းနှိမ်နင်းမှု ကြီးကြီးမားမား အောင်မြင်ခဲ့တယ်ဆိုတာကိုပါ သက်သေပြလိုက်တာ ဖြစ်ပါတယ်။
လတ်တလောမှာ တရုတ်လူမျိုး လိမ်လည်သူတွေကို သေဒဏ်ပေးလိုက်တာဟာ နိုင်ငံရေးအရလည်း အဓိပ္ပာယ်ကြီးမားပါတယ်။ ပရော်ဖက်ဆာ ဟို ပြောခဲ့သလိုပါပဲ၊ "တရုတ်နိုင်ငံဟာ ပြည်တွင်းပြည်ပက မိမိနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ပိုင်ဆိုင်ခွင့်တွေကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေကိုလည်း ပြင်းပြင်းထန်ထန် သတိပေး ဟန့်တားနိုင်ခဲ့ပါတယ်" လို့ Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးနဲ့ ရာဇဝတ်မှု ပတ်သက်ဆက်နွှယ်နေခြင်းနှင့် လူသားတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားခြင်း
‘ဝေ’ မိသားစုရဲ့ လိမ်လည်မှုလုပ်ငန်းတွေကို ကြည့်ရင် အဓိကအချက် နှစ်ချက်ကို တွေ့ရပါတယ်။ ပထမအချက်က နိုင်ငံရေးနဲ့ ရာဇဝတ်မှု အပြန်အလှန် ပတ်သက်နေတာဖြစ်ပြီး၊ ဒုတိယအချက်ကတော့ ဒုက္ခသည်တွေကို ကုန်ပစ္စည်းတခုလို သဘောထား အမြတ်ထုတ်တာပဲ ဖြစ်ပါတယ်။ ဒီမိသားစုရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ ဝေချောင်ရန်ဟာ ကိုးကန့်ဒေသ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့အထက်လူကြီး ဖုန်ကျားရှင်ကို တော်လှန်ရင်း သူ့ရဲ့အာဏာစက်ကို ခိုင်မာအောင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး မြန်မာစစ်အာဏာရှင်အစိုးရဟာ ဝေချောင်ရန်နဲ့ သူ့မိသားစု ကြီးထွားလာတာကို မျက်ကွယ်ပြုထားခဲ့ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ သူ့ညီဖြစ်တဲ့ ဝေဟွာရန်ဟာ ကိုးကန့်နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ တပ်ရင်းကို ကိုင်တွယ်ပြီး သူ့ရဲ့သြဇာအာဏာကို ချဲ့ထွင်ခဲ့တာပါပဲ။ ဝေချောင်ရန်ဟာ သူ့ရဲ့လုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ ဆွေမျိုးတွေကို ရာထူးတိုးပေးခဲ့ပါတယ်။ ဥပမာ- နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီမှာ အဖွဲ့ဝင်ဖြစ်လာတဲ့ ဝေချင်ထောင်းလို လူမျိုးတွေပေါ့။ နောက်ပြီး တူဖြစ်သူ ချန်တာဝေကို မိသားစုရဲ့ စစ်ရေးဆက်ခံသူနဲ့ လုံခြုံရေးအကြီးအကဲအဖြစ် မြေတောင်မြှောက်ပေးခဲ့ပါတယ်။ ချန်ဟာ နယ်ခြားစောင့်တပ်ကို ကွပ်ကဲခွင့်ရခဲ့ပြီး၊ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရမဲ့ အာဏာကို သူ့မိသားစုရဲ့ လိမ်လည်မှုလုပ်ငန်းတွေ အကျိုးအမြတ်အတွက် အသုံးချခဲ့ပါတယ်။ ဒီ ‘ဝေ’ မိသားစုရဲ့ အဖြစ်အပျက်ဟာ စစ်ရေးအာဏာကို ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ ဘယ်လိုပေါင်းစပ် အသုံးချခဲ့သလဲဆိုတာ အထင်အရှား ပြသနေပါတယ်။ ငွေလိမ်ဂိုဏ်းကို လည်ပတ်ဖို့အတွက် နိုင်ငံရေးနဲ့ ရာဇဝတ်မှုတွေကို ချိတ်ဆက် အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။
လူသားတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားတယ်ဆိုတာကတော့ တရုတ်နိုင်ငံသားတွေကို ယူနန်ပြည်နယ် နယ်စပ်ကနေ ဖြတ်ကျော်လာအောင် အွန်လိုင်းကနေ ဆွဲဆောင်လိမ်လည်တာကို ဆိုလိုတာပါ။ သူတို့ကို လောက်ကိုင်မြို့မှာ ခေတ်သစ်ကျွန်တွေလို အလုပ်ခိုင်းစေပြီး ငွေကြေးတွေ လိမ်လည်ခဲ့ကြပါတယ်။ ‘ဝေ’ မိသားစုဟာ ဖမ်းဆီးခံရပြီး ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ရောင်းကုန်ပစ္စည်းတွေလို သဘောထားကြပါတယ်။ သားကောင်တဦးစီအတွက် ပြည်မကြီးမှာရှိတဲ့ ဆွေမျိုးတွေဆီကနေ ရွေးငွေ ယွမ် ၃ သိန်း အနည်းဆုံး တောင်းခံတယ်လို့ Bastille Post သတင်းမှာ ဖော်ပြပါတယ်။ ရွေးငွေတောင်းတာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ တရားမဝင် ကာစီနိုဖွင့်တာနဲ့ အွန်လိုင်းလိမ်လည်တာတွေကနေ ‘ဝေ’ မိသားစုဟာ ဝင်ငွေ အမြောက်အမြား ရခဲ့ပါတယ်။ ဒီလိမ်လည်မှု လုပ်ငန်းကြီးတခုလုံးဟာ သံသရာလည်နေတဲ့ အဆိုးစက်ဝန်းကြီးတခုပါပဲ။ မိသားစုရဲ့ ခေါင်းဆောင်ပိုင်းတွေဟာ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ စီးပွားရေးကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားတွေကို လုံးဝဂရုမစိုက်ဘဲ သူတို့ အကျိုးအမြတ်ရဖို့ကိုသာ အဓိကထား စဉ်းစားခဲ့ကြပါတယ်။
တရုတ်အစိုးရဟာ နိုင်ငံသားတွေရဲ့ ပြည်ဝင်/ပြည်ထွက် စည်းမျဉ်းတွေကို တင်းကျပ်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်။ လိမ်လည်မှုလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ ပြည်ပရောက် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံသားတွေကို အပြစ်ပေးအရေးယူနေပြီး၊ သံတမန်နည်းလမ်းတွေကို သုံးကာ ရာဇဝတ်မှု မသင်္ကာသူတွေကို တရုတ်ပြည်မကြီးမှာ တရားရင်ဆိုင်ဖို့ လွှဲပြောင်းရယူနေပါတယ်။
နယ်စပ်ဖြတ်ကျော် လိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် တရုတ်ရဲတပ်ဖွဲ့ဟာ ယူနန်ပြည်နယ် နယ်စပ်ကို ဖြတ်ကျော်ပြီး သုံးကြိမ်တိုင်တိုင် သက်သေအထောက်အထား လာရောက်ယူခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်အာဏာရှင်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ အမြဲဖြစ်နေတဲ့အတွက် စစ်ပွဲကြားညပ်နိုင်တဲ့ အန္တရာယ်တွေကိုတောင် ရင်ဆိုင်ခဲ့ရတာပါ။ ဒါ့အပြင် ‘ဝေ’မိသားစုရဲ့ ရာဇဝတ်မှုတွေကို သက်သေရှာဖို့ တရုတ်ပြည်မကြီးက ပြည်နယ် ၂၈ ခုနဲ့ မြို့ပေါင်း ၂၄၀ အထိ ခရီးသွားခဲ့ရတယ်လို့ Bastille Post က ဆိုပါတယ်။
မြန်မာအခြေစိုက် တရုတ်မိသားစုကြီးတွေရဲ့ နိဂုံးအကြောင်း ရိုက်ကူးထားတဲ့ CCTV မှတ်တမ်းရုပ်ရှင်ထဲမှာ ဖော်ပြထားတာကတော့၊ တရုတ်ရဲတပ်ဖွဲ့ဟာ ဒီ "နာမည်ကြီး" တရုတ်မိသားစုကြီး လေးစုကို သုံးကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ သူတို့ရဲ့ တရားမဝင် လုပ်ငန်းတွေကို ရပ်တန်းကရပ်ဖို့ အခွင့်အရေး ပေးခဲ့ပေမဲ့၊ ဒီမိသားစုတွေက ဘာမှ လုပ်မပြခဲ့ပါဘူး။ ဒီမိသားစုကြီး လေးစုအပေါ် ဝေဖန်သူတွေကတော့၊ တရုတ်ရဲတပ်ဖွဲ့က ဒီလောက်အထိ သဘောထားကြီးကြီးနဲ့ အခွင့်အရေးပေးတာကို သူတို့ အသုံးမချတတ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း တရုတ်ရဲတပ်ဖွဲ့ အနေနဲ့ သူတို့ကို အမြစ်ပြတ်ချေမှုန်းရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့တာ ဖြစ်ပါတယ်။
ကွန်ရက်ချဲ့ထွင်ခြင်းနှင့် ဒေသတွင်း စုံစမ်းစစ်ဆေးမှုများ
‘ဝေ’ မိသားစု ခေါင်းဆောင်ပိုင်းတွေကို ပြစ်ဒဏ်ချမှတ်ကြောင်း တရုတ်မီဒီယာတွေက တရားဝင် ကြေညာနေချိန်မှာပဲ၊ တိုက်တိုက်ဆိုင်ဆိုင် Aljazeera သတင်းဌာနက ဗီဒီယိုတခုကို ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ လိမ်လည်မှုလုပ်ငန်းတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ ကမ္ဘောဒီးယားနိုင်ငံ လောင်းဘေး ဖွံ့ဖြိုးရေးစီမံကိန်းမှာ၊ တရုတ်-ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင် တိန့်ပီပင်း ပါဝင်ပတ်သက်နေကြောင်း စုံစမ်းစစ်ဆေးထားတာ ဖြစ်ပါတယ်။ အခုအခါမှာ ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ လောင်းဘေးဒေသက ဆိုက်ဘာရာဇဝတ်မှုလို့ သံသယရှိရတဲ့ လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးနေပါတယ်။
အွန်လိုင်းလိမ်လည်မှု နှိမ်နင်းရေး ကော်မရှင်အကြီးအကဲ ချေဆီနာရစ်ရဲ့ ပြောကြားချက်အရ တိန့်ကို ကမ္ဘောဒီးယားကနေ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ Aljazeera ရဲ့ သတင်း ဖော်ပြချက်အရ လောင်းဘေးစီမံကိန်းမှာ အဓိက ပါဝင်ပတ်သက်နေသူတွေထဲမှာ တိန့်အပြင်၊ ကမ္ဘောဒီးယား နိုင်ငံတော်သက်တော်စောင့် အရာရှိတဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တိန့်ဟာ ဟူနန်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ကမ္ဘောဒီးယားကို ရောက်လာခဲ့သူပါ။ ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယား နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ သူ့ရဲ့ ကျန်ဟန်ကုမ္ပဏီအုပ်စုဟာ အတင်းအကျပ် အလုပ်ခိုင်းစေမှုတွေမှာ ပါဝင်တယ်ဆိုပြီး ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူခဲ့တဲ့အတွက် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။
သတိပြုစရာ အချက်ကတော့ လောက်ကိုင်မြို့က တရုတ်မိသားစုကြီး လေးစုရဲ့ ခေါင်းဆောင်တွေကနေစလို့ Prince အုပ်စုက ချန်ကျီအထိ တရုတ်စီးပွားရေး လုပ်ငန်းရှင်တချို့ဟာ လိမ်လည်မှုတွေမှာ ပါဝင်နေတယ်လို့ စွပ်စွဲခံရတာပါပဲ။ ချန်ဟာ ကမ္ဘောဒီးယားက နယ်စပ်ဖြတ်ကျော် လိမ်လည်မှုဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘောဒီးယားကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးခြင်း ခံခဲ့ရပါတယ်။
Prince အုပ်စုဟာ ကမ္ဘောဒီးယားနိုင်ငံက အပန်းဖြေစခန်းတွေ၊ ဟိုတယ်တွေနဲ့ တခြား ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာ စီးပွားရေးကော်ပိုရေးရှင်းကြီး တစ်ခုအနေနဲ့ လည်ပတ်နေတာပါ။ ဒါပေမဲ့လည်း ဒီကုမ္ပဏီအုပ်စုဟာ ဟန်ပြအလုပ်အကိုင်နဲ့ တရုတ်အလုပ်သမားတွေကို ဆွဲဆောင်ခဲ့ပြီး၊ သူတို့ကို နှိပ်စက်ကာ အွန်လိုင်းငွေလိမ်စခန်းတွေမှာ အတင်းအကျပ် အလုပ်လုပ်ခိုင်းခဲ့ပါတယ်။ အဲဒီကနေရလာတဲ့ အကျိုးအမြတ်တွေကို ခရစ်ပတိုဒစ်ဂျစ်တယ်ငွေကြေးနဲ့ ငွေမည်းခဝါချတာတွေကနေတဆင့် ငွေလွှဲပြောင်းတာ၊ ပြန်လည်ရင်းနှီးမြှုပ်နှံတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
တရုတ်အစိုးရနဲ့ အာဏာပိုင်တွေဟာ နယ်စပ်ဖြတ်ကျော် လိမ်လည်မှု အားလုံးကို နှိမ်နင်းဖို့အတွက် ခိုင်မာတဲ့ နိုင်ငံရေးဆန္ဒ ရှိပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံက အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်စေခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းရှင်တွေကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။
ဒီနယ်စပ်ဖြတ်ကျော် လိမ်လည်မှုတွေကို နှိမ်နင်းရာမှာ အဓိက အတားအဆီးကတော့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ပြည်တွင်းရေး နိုင်ငံရေးရှုပ်ထွေးမှုတွေပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် ဗဟိုအစိုးရအဆင့် အုပ်ချုပ်မှု ယန္တရားက အားနည်းနေဆဲပါ။ စစ်တပ်အနေနဲ့ နယ်စပ်ဒေသ အားလုံးကို လွယ်လွယ်ကူကူ မထိန်းချုပ်နိုင်သလို၊ လက်နက်ကိုင်အဖွဲ့တွေကလည်း လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ ဒီလို နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အားနည်းနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး၊ သူတို့ရဲ့ ငွေလိမ်စခန်းတွေကို တည်ဆောက်ကြပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံများစွာက လူတွေကို သားကောင်ဖြစ်အောင် ဖမ်းဆီးအမြတ်ထုတ်ကြပါတယ်။
နိုင်ငံတော်၏ စွမ်းဆောင်ရည်၊ ရွှေ့ပြောင်းလှုပ်ရှားနိုင်မှုနှင့် ရှေ့ဆက်ရမည့်လမ်း
ကမ္ဘောဒီးယား အစိုးရအနေနဲ့ တရုတ်၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ ဖိအားတွေကြောင့် ပြည်တွင်း အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့နဲ့ ငွေလိမ်စခန်းတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ ရာဇဝတ်မှု ပတ်သက်နေတာတွေ၊ အကျင့်ပျက် ခြစားတဲ့ အရာရှိတချို့နဲ့ လူ့ကျင့်ဝတ်မရှိတဲ့ စီးပွားရေးသမားတွေရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ထိန်းချုပ်ဖို့ကတော့ စိန်ခေါ်မှုကြီးတရပ် ဖြစ်နေပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ် ပဋိပက္ခတွေအတွင်းမှာ၊ ထိုင်းစစ်တပ်ဟာ နယ်စပ်မှာရှိတဲ့ ကာစီနိုလေးခုနဲ့ ဆက်စပ်နေတဲ့ အွန်လိုင်းလိမ်လည်မှု စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို တိုက်ခိုက်ရတာဟာ အဲဒီကာစီနိုတွေကို ကမ္ဘောဒီးယား စစ်အခြေစိုက်စခန်းတွေအဖြစ် ပြောင်းလဲသွားမလားဆိုတဲ့ စိုးရိမ်မှုကြောင့် ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအချိန်က ကမ္ဘောဒီးယားက လိမ်လည်မှုစခန်းတွေမှာ လူပေါင်း ၁၀၀,၀၀၀ ခန့် ပါဝင်ပတ်သက်နေတယ်လို့ ခန့်မှန်းရပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ ထုတ်ပြန်ချက်အရ၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အရှေ့တောင်အာရှက ငွေလိမ်စခန်းတွေမှာ လူပေါင်း ၃၀၀,၀၀၀ လောက် ပိတ်မိနေတယ်လို့ သိရပါတယ်။ မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီလိမ်လည်မှု လုပ်ငန်းတွေဟာ နိုင်ဂျီးရီးယားနဲ့ ဂါနာလိုမျိုး အာဖရိကနိုင်ငံတွေမှာပါ အခြေစိုက်စခန်းတွေ ဖွင့်လာကြတယ်လို့ ဆိုပါတယ်။ ဒီရာဇဝတ်မှုတွေကို နှိမ်နင်းရာမှာ အကြီးမားဆုံး အဟန့်အတားကတော့ ဂိုဏ်းတွေနဲ့ ခေါင်းဆောင်တွေဟာ အလွန်ကို ရွှေ့ပြောင်းလွယ်နေတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရယန္တရား အားနည်းတဲ့ နိုင်ငံတွေ၊ ဗဟိုအစိုးရက နယ်စွန်နယ်ဖျားတွေကို မထိန်းချုပ်နိုင်တဲ့ နိုင်ငံတွေနဲ့ ဒေသခံအရာရှိတွေ အဂတိလိုက်စားတဲ့ နိုင်ငံတွေကို ပြောင်းရွှေ့အခြေချလေ့ ရှိပါတယ်။ အဲဒီကနေမှတဆင့် တခြားနိုင်ငံက ဆင်းရဲနွမ်းပါးသူတွေကို ငွေကြေးများများရမယ်ဆိုပြီး မက်လုံးပေး ဆွဲဆောင်ပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး လိမ်လည်မှုစခန်းတွေမှာ အလုပ်လုပ်ဖို့ ခေါ်ယူကြတာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းရေးဟာ ကမ္ဘာတဝန်းက အရေးတကြီး လုပ်ဆောင်ရမဲ့အလုပ်တခု ဖြစ်လာပါတယ်။ ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်ရုံသာမက တရားခံ လွှဲပြောင်းပေးတာတွေ၊ ပြည်တွင်းက ရာဇဝတ်မှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ချင်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေလည်း လိုအပ်ပါတယ်။ တရုတ်အစိုးရဟာ နိုင်ငံသားတွေရဲ့ ပြည်ဝင်/ပြည်ထွက် စည်းမျဉ်းတွေကို တင်းကျပ်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါတယ်။ လိမ်လည်မှုစခန်းတွေကို ဦးဆောင်နေတဲ့ ပြည်ပရောက် တရုတ်လုပ်ငန်းရှင်တွေနဲ့ နိုင်ငံသားတွေကို အပြစ်ပေးနေပါတယ်။ သံတမန်နည်းလမ်းတွေကို သုံးကာ ရာဇဝတ်မှု မသင်္ကာသူတွေကို တရုတ်ပြည်မကြီးမှာ တရားရင်ဆိုင်ဖို့ လွှဲပြောင်းရယူနေပါတယ်။ ဖွဲ့စည်းပုံအရ ကြည့်မယ်ဆိုရင် မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဗဟိုအစိုးရ ယန္တရား အားနည်းနေတာဟာ ဒီရာဇဝတ်မှုတွေကို ဒေသတွင်း နှိမ်နင်းရေးလုပ်ငန်းစဉ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတရပ် ဖြစ်နေပါတယ်။
တရုတ်-ကမ္ဘောဒီးယားနဲ့ တရုတ်-မြန်မာ ရဲတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုကတဆင့် ကမ္ဘောဒီးယားနဲ့ မြန်မာအစိုးရတွေအနေနဲ့ ဒီငွေလိမ်ဂိုဏ်းတွေနဲ့ စခန်းတွေကို နှိမ်နင်းနိုင်စွမ်း ပိုအားကောင်းလာနိုင်ပါတယ်။ ၂၀၂၆ ခုနှစ် မတ်လမှာ ကမ္ဘောဒီးယား လွှတ်တော်ကနေ လိမ်လည်မှု လုပ်ကိုင်သူတွေကို ထောင်ဒဏ် နှစ် ၃၀ ကနေ တသက်တကျွန်းအထိ အပြစ်ပေးနိုင်တဲ့ ဥပဒေတရပ်ကို အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘောဒီးယားနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေး လုပ်ငန်းစဉ်တွေကို အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ လိုအပ်နေပါသေးတယ်။
မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှု အခြေအနေတွေဟာ အနည်းငယ်တော့ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရနဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး ဒီရာဇဝတ်မှုတွေကို ဆက်လက် နှိမ်နင်းသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ လာမယ့်နှစ်တွေမှာ အာဆီယံ (ASEAN) လို ဒေသတွင်း အဖွဲ့အစည်းတွေအနေနဲ့ ဒီရာဇဝတ်မှု နှိမ်နင်းရေးမှာ သူတို့ရဲ့ အခန်းကဏ္ဍကို ပိုမြှင့်တင်ပြီး၊ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် အာရှနိုင်ငံတွေအနေနဲ့ သာမန်ပြည်သူတွေကို အွန်လိုင်းလိမ်လည်မှုရဲ့ အန္တရာယ်တွေအကြောင်း ပညာပေးတာမျိုး၊ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ဒီရာဇဝတ်မှုတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေရှိကြောင်း အသိပညာပေးတဲ့ လှုပ်ရှားမှုတွေကို စုပေါင်း လုပ်ဆောင်သွားကြဖို့ လိုအပ်ပါတယ်။
ဆန်နီလိုရှူးဟင်း
Ref: Macau Business
Sonny Lo Shiu Hing သည် နိုင်ငံရေးသိပ္ပံပညာရှင်၊ ဝါရင့်ဝေဖန်သုံးသပ်သူတဦးဖြစ်ပြီး၊ ဟောင်ကောင်၊ မကာအိုနှင့် တရုတ်ပြည်မကြီးတို့နှင့် ပတ်သက်သော စာအုပ်များနှင့် ပညာရပ်ဆိုင်ရာဆောင်းပါးများစွာကို ရေးသားခဲ့သူဖြစ်သည်။ ၎င်းသည် ဟောင်ကောင်တက္ကသိုလ်၊ နိုင်ငံရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဌာန၏ ဂုဏ်ထူးဆောင် ပါမောက္ခတဦးလည်း ဖြစ်သည်။)











