
၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုကြောင့် နိုင်ငံတဝန်း ပြည်သူ ၂၀၄ ယောက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲက ၉၇ ယောက်ကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁၂ ယောက်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၂ ယောက် ပါဝင်ပါတယ်။
နောက်ထပ် သေဆုံးသူ ၁၀၄ ယောက်ရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့နယ် အိန္ဒိယဈေးနားကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ အရပ်သား အယောက် ၅၀ သေဆုံးခဲ့ရပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အာဏာသိမ်းစစ်တပ်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၈,၄၇၂ ယောက် ရှိပြီလို့ AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။










