DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်
DVB
·
November 7, 2023
တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့မှာ နိုဝင်ဘာ ၃ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး နိုဝင်ဘာ ၇ ရက် ဒီမနက် ၁၁ နာရီလောက်မှာ ခါမ်းပါတ်တမြို့လုံးကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တမူးခရိုင် အမှတ်-၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် ခါမ်းပါတ်မြို့က ဒေသခံ ၂,၀၀၀ ကျော်လည်း အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

တမူးခရိုင် တပ်ရင်း-၂ ပြန်ကြားရေးတာဝန်ခံက “နိုဝင်ဘာ ၇ ရက် ဒီနေ့လယ် ၁၁ နာရီမှာပဲ ခါမ်းပါတ်ကို သိမ်းလိုက်ပြီ။ မြို့ထဲကသူတွေကတော့ စစ်ရှောင်နေရတုန်းပဲ။ လေယာဉ်လာမှာစိုးလို့ မြို့ထဲအဝင် ပိတ်ထားပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းက စတင်ပြီး ခါမ်းပါတ်စစ်တပ်ကုန်းနဲ့ ဝိတုတ်ရွာစစ်တပ်ကုန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်မှာ ဝိတုတ်ရွာ စစ်ကောင်စီစခန်းနဲ့ ခါမ်းပါတ်မြို့ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက် မနက်ပိုင်းမှာတော့ ခါမ်းပါတ်တမြို့လုံးကို သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တမူးခရိုင် တပ်ရင်း-၁၊ တပ်ရင်း-၂၊ ABSDF၊ KNA-B (Kukie National Army) တို့က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေတွေ ပြင်းထန်နေပြီး ခါမ်းပါတ်မြို့ပေါ်က အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်၊ ကနန်ရွာ၊ ကမ္မကြီး၊ နန်းကတိတ်၊ နန်းခေါက်ခေါက်၊ မင်းသမီး၊ ဝိတုတ်၊ ဘုက္ကန် စတဲ့ ကျေးရွာတွေက ဒေသခံ ၂,၀၀၀ ကျော် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ခါမ်းပါတ်မြို့ခံအမျိုးသမီးက “လူဦးရေခန့်မှန်းက ၂,၀၀၀ ဝန်းကျင် ၃,၀၀၀ လောက်ရှိမယ်။ တောတွေထဲမှာ ရှောင်ကြတယ်။ ရာဇဂြိုဟ်မှာ တိုက်ပွဲဖြစ်နေတယ်။ ခါမ်းပါတ်နဲ့ ကလေး-တမူး လမ်းတလျှောက်မှာလည်း တိုက်ပွဲဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ကျေးရွာတွေ၊ ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက်က ကျေးရွာတွေကို အရေးပေါ် ပြောင်းရွှေ့နေကြရတာ ဖြစ်ပါတယ်။

စစ်ရှောင်အရေး အကူအညီပေးနေသူက “စစ်ဘေးရှောင်က ခါမ်းပါတ်အမှတ်-၁ က ၉၀ ရာခိုင်နှုန်း၊ အမှတ် ၂ က ၃၀ ရာခိုင်နှုန်း၊ အမှတ် ၃ က ၅၀ ရာခိုင်နှုန်း ရှောင်ကြတယ်။ ခါမ်းပါတ်နဲ့ ကလေးကြားက စော်ဘွား၊ ဘုရားအေးရှင်၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်ဘက် ရှောင်ကြတယ်။ စစ်ဘေးရှောင်တွေက ဆန်တွေသယ်သွားတယ်။ ရွာကလူတွေကလည်း ဝိုင်းဝန်းကူညီကြတယ်။ အကြာကြီးတော့ မခံလောက်ဘူး” လို့ ပြောပါတယ်။

ကလေး-တမူးလမ်းတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေကြပြီး ကုန်စီးဆင်းမှု ရပ်တန့်နေတဲ့အတွက် ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး မြို့တွင်းနေပြည်သူတွေ အနေနဲ့ ရိက္ခာပြတ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့လည်း အရေးပေါ် တိမ်းရှောင်ကြရတာဖြစ်လို့ အမိုးအကာ၊ အဝတ်အထည်၊ အစားအစာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ခါမ်းပါတ်မြို့ခံတဦးက “လေယာဉ်နဲ့ ဗုံးချနေတော့ စစ်ရှောင်က ပိုများလာဖို့ပဲရှိမယ်။ ရိက္ခာတွေလည်း ဝယ်မရတော့ဘူး။ စစ်ရှောင်တွေက ဆောင်းတွင်းဆိုတော့ အနွေးထည်တွေ စောင်တွေ လိုတယ်။ ရိက္ခာပြတ်မှာ စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ဝိတုတ်ရွာနဲ့ ခါမ်းပါတ်မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းကစပြီး နိုဝင်ဘာ ၆ ရက် ညနေပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်ကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကိုင်းတိုင်း ကောလင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီး နိုဝင်ဘာ ၇ ရက်မှာ ခါမ်းပါတ်မြို့ကို ထပ်မံသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013