
စစ်အာဏာရှင် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ရှိ ကမ်းနားလမ်းမှာ စစ်အာဏာရှင်တပ်က ဘန်ကာတွေ တိုးချဲ့ဆောက်လုပ်ပြီးတော့ ခံစစ်အခိုင်အမာ ပြင်ဆင်နေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်မှုကို စိုးရိမ်ပြီး ၂၀၂၄ ခုနှစ်က ကမ်းနားလမ်းတလျှောက်ကို ခြံစည်းရိုးတွေ ခတ်ထားခဲ့သလို လက်ရှိမှာ အဲဒီ ခြံစည်းရိုးနဲ့ ကပ်လျက်မှာ ဘန်ကာတွေနဲ့ သဲကျင်းတွေကို ဆောက်လုပ်နေတယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီက AA လာတိုက်မှာကို အတော်လေးကို ကြောက်နေတာ။ ကမ်းခြေတလျှောက်မှာ ဘန်ကာတွေ၊ သဲအိတ်တွေနဲ့ ကတုတ်ကျင်းတွေ ဆောက်နေကြတာရှိတယ်။ အရင်က ဒီနေရာက ပြည်သူတွေ အပန်ဖြေဖို့ ဆောက်လုပ်တာ။ အခုတော့ အကျဉ်းသားတွေ ထားသလိုပဲ သဘာဝတောင် လွတ်လပ်စွာ မခံစားရတော့ဘူး။ စစ်တပ်က ကြောက်ပြီးတော့ ခြံစည်းရိုးကာတာနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦ ဆောက်လုပ်ပြီး ကမ်းခြေတွေကို ဖျက်ဆီးနေတာ။”
စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး ကုန်းမြေချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ် ကျေးရွာတွေမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေကြတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ဟာ ကုန်းမြေချင်း ထိစပ်နေတဲ့ စစ်တွေမြို့နယ်အစပ်က ရခိုင်ကျေးရွာတွေကိုလည်း ၂၀၂၄ ခုနှစ် အစောပိုင်းကတည်း ကျေးရွာသားတွေကို နှင်ထုတ်ပြီး တပ်စွဲထားတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ ၂၀၂၆ ခုနှစ်အတွင်းမှာလည်း စစ်တွေမြို့နယ်အတွင်းရှိ ရခိုင် စစ်ဘေးရှောင်စခန်းတွေနဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေက အရပ်သားတွေကို ဧည့်စာရင်း အကြောင်းပြပြီး ဖမ်းဆီး ငွေညှစ်တာတွေကိုလည်း ဆက်တိုက်မှု ပြုလုပ်လာနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
စစ်အာဏာရှင်တပ်က စစ်တွေမြို့နယ်ကို ကုန်လမ်း၊ ရေလမ်း အားလုံးပိတ်ဆို့ထားတာဖြစ်ပြီး လေကြောင်းခရီးစဉ်အချို့ကိုသာ ပြေးဆွဲခွင့် ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။
ဒ့ါအပြင် စစ်အာဏာရှင်ဟာ စစ်တွေမြို့နယ်ကို ရေကြောင်းကနေ အင်အားဖြည့်တင်းမှုတွေကို ဆက်တိုက်ပြုလုပ်နေသလို မေလ ပထမအပတ်အတွင်းလည်း ရေကြောင်းကနေ အင်းအားဖြည့်တင်းမှု ပြုလုပ်ထားတာရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်က စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့နယ်တို့အနက် စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။










