DVB Logo
Home
မြန်မာသတင်း
အနန့်ပါ လေကြောင်းတိုက်ခိုက်မှု ၁ နှစ်ပြည့်၊ အသက်ဆုံးရှုံးခဲ့ရသူများအတွက် တရားမျှတမှု မရသေး
DVB
·
October 23, 2023
အနန့်ပါ လေကြောင်းတိုက်ခိုက်မှု ၁ နှစ်ပြည့်၊ အသက်ဆုံးရှုံးခဲ့ရသူများအတွက် တရားမျှတမှု မရသေး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်လို့ လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တာ အခုဆို ၁ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ပေမဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် တရားမျှတမှု မရရှိသေးဘူးလို့ ကျန်ရစ်တဲ့ မိသားစုဝင်တွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့က အနန့်ပါ ကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ဒေါ်မေရမ် (အမည်လွဲ) က “ကျမ အမျိုးသားရဲ့အလောင်းက ဘယ်နေရာမှာလဲလို့ မေးလိုက်တဲ့အခါမှာ သွားရှာကြည့်လိုက်လေတဲ့၊ အဲ့မှာအလောင်းတွေ တန်းစီထားတယ်တဲ့” ကျမတို့ အင်မတန်မှပဲထိတ်လန့်သွားတယ်။ ကြောက်လည်း ကြောက်တယ်” လို့ တိုက်ခိုက်ခံခဲ့ရတဲ့နေ့က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

ဒေါ်မေရမ်ရဲ့ အမျိုးသားဖြစ်သူဟာ လေကြောင်းကနေ ဗုံးကြဲခံရမယ့်နေရာကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်နေခဲ့တာဖြစ်ပြီး ကံဆိုးစွာပဲ စစ်ကောင်စီက လေယာဉ်ကနေ ကြဲချလိုက်တဲ့ဗုံးဒဏ်ကြောင့် တခြား လူ ၆၀ ကျော်နဲ့အတူ သူ့ရဲ့အမျိုးသားလည်း အဲ့နေ့မှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။

ဗုံးကြဲခံရတဲ့သတင်းကြားကြားချင်းမှာပဲ သူအနေနဲ့ အမျိုးသားဖြစ်သူဆီ ဖုန်းဆက်ခဲ့ပေမဲ့ အဆက်အသွယ်တွေ အကုန်လုံးပြတ်တောက်နေခဲ့တာကြောင့် သူတစ်ယောက်တည်း ချက်ချင်းဆိုသလို  အနန့်ပါဒေသကို ထွက်လာခဲ့ပါတယ်။

“ဟိုဘက်ကမ်းကို ကျမတို့ လှေနဲ့ကူးပြီးသွားတဲ့အခါမှာ လူတစ်ယောက်ကို မေးလိုက်တယ်။ ဪ ကျမအမျိုးသားရဲ့ အလောင်းက ဘယ်နေရာမှာလဲလို့ မေးလိုက်တဲ့အခါမှာ သွားရှာကြည့်လိုက်လေတဲ့၊ အဲ့မှာ အလောင်းတွေ တန်းစီထားတယ်တဲ့၊ သွားရှာကြည့်လို့ ပြောလိုက်တဲ့အခါမှာ ကျမတို့ အင်မတန်မှပဲ ထိတ်လန့်သွားတယ်။ ကြောက်လည်း ကြောက်တယ်။ တချို့တွေကျတော့ အင်္ဂါမစုံနဲ့ ဘာနဲ့ အမျိုးမျိုးဖြစ်တယ်ဆိုတဲ့ဟာတွေက အဲမှာ ရောက်တာနဲ့ကြားတော့ ကျမလည်းမသွားကြည့်ဘူး။ အဲဒီအခါမှာ ကျမကိုပြောလိုက်တဲ့ စကားသံဟာ အခုချိန်ထိ မေ့လို့မရဘူး။ ကျမသွားရှာရင် ဘယ်လိုမျိုးပုံစံနဲ့တွေ့မလဲပေါ့။ အရမ်းထိတ်လန့်ခဲ့တယ်။”

ဒီလိုနဲ့ အလောင်းသွားမရှာရဲသေးတဲ့ ပိုတိကျအောင် နောက်တယောက်ကို ထပ်မေးလိုက်ပြီး နောက်မှာ အလောင်းတွေထားတဲ့ နေရာကိုသိရလို့ တောင်ထိပ်တစ်နေရာကို ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားခဲ့ပါတယ်။

အလောင်းထမ်းတဲ့သူတွေကို ကျော်ပြီးတဲ့နောက်မှာတော့ အလောင်းတွေတန်းစီနေတဲ့အတွက် ခဏစောင့်ရသေးတယ်လို့ ဒေါ်မေရမ်က ပြောပြပါတယ်။

“တခြားကိုတော့ မဖွင့်ကြည့်ဘူး။ ကျမအမျိုးသားက အရပ်သိပ်လည်းမရှည်ဘူးပေါ့။ သူက နည်းနည်းလေး ဝတယ်ဆိုတော့ ဪ.. ဒါပဲဖြစ်မယ်ဆိုပြီးတော့ ကျမခန့်မှန်းလိုက်တယ်။ သူတို့စောင်နဲ့ဖုံးထားလိုက်တဲ့ဟာကို ကျမသွားကြည့်လိုက်တယ် ပေါ့နော်၊ စစ်သားတစ်ယောက်ကို ဒါပဲဟုတ်မယ်ထင်တယ် ဖွင့်ကြည့်လိုက်ပါဆိုပြီး သူ့ကို ဖွင့်ခိုင်းလိုက်တော့ တကယ်ဖြစ်နေတယ်ပေါ့နော်။ အဲတာကတော့ ဒီနေ့အထိ ကျမရဲ့ ရင်ထဲမှာ မေ့မရတဲ့အရာပေါ့နော်။ ဝမ်းနည်းတယ်။ အဲလိုမျိုးနဲ့ ဒီအရမ်းပဲ မကျေမနပ် ပိုဒေါသထွက်ချင်တယ်ပေါ့။ အခုထိလည်း ဝမ်းနည်းမှုက မဆုံးသေးဘူးပေါ့။”

ဒေါ်မေရမ်ဟာ ပြောပြလို့မရတဲ့ အခက်အခဲတွေကြောင့် သူ့ရဲ့အမျိုးသားအလောင်းကို နေရပ်ကိုပြန်မသယ်နိုင်ပဲ အနန့်ပါဒေသမှာပဲ သင်္ဂြိုဟ်လိုက်ရပါတယ်။

ဒေါ်မေရမ်ကတော့ အခုချိန်မှာ သူ့အမျိုးသားရဲ့တာဝန်တွေကိုပါလွှဲပြောင်းယူပြီး မိသားစုရှေ့ဆက်နိုင်ဖို့နဲ့ ကလေးတွေရဲ့ပညာရေးအတွက် ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ခုမှာ ဈေးဆိုင်သေးသေးလေးတစ်ခုဖွင့်ပြီး ရုန်းကန်နေပါတယ်။

ဒါပေမဲ့ ဗုံးဒဏ်ကြောင့် ကြေမွသွားခဲ့တဲ့ အဆောက်အဦးတွေလိုပဲ သူ့ရဲ့မိသားစုလည်း အကောင်းအတိုင်းတော့ ပြန်ဖြစ်မလာတော့ပါဘူး။ ဒီဖြစ်ရပ်ကြောင့် ဒေါ်မေရမ်တင်မကပါဘူး သားသမီးတွေအထိပါ စိတ်ဒဏ်ရာတွေကိုယ်စီနဲ့ ကျန်ရစ်နေခဲ့ရတယ်လို့ ပြောပြပါတယ်။

“တတိယသားဆိုရင်တော့ သူက လုံးဝစိတ်ပိုင်းဆိုင်ရာကို ဖြစ်သွားတယ်ပေါ့။ စာလည်း သိပ်မလိုက်နိုင်တော့ဘူး။ စာလည်းသိပ်မကြိုးစားနိုင်တော့ဘူး။ အဲ့တာနဲ့သူက အိပ်လို့လည်းမရဘူး။ မနက် ၆ နာရီအထိ အိပ်မရဘူးဆိုတော့ ဆေးစားခိုင်းတယ်။ Counselling (စိတ်ပိုင်းဆိုင်ရာကုစားခြင်း) လုပ်ခိုင်းရတယ်ပေါ့နော်။ ဆရာမဆီမှာသွားပြီးမှ သူက ၂လ၊ ၃လ လောက်ကို သူကအဲမှာခံယူရတဲ့အခြေအနေ။ စိတ်ပိုင်းဆိုင်ရာနဲ့ သူတို့ရဲ့အပြုအမူ၊ အမူအရာတွေကတော့ ထူးခြားသွားတယ်ပေါ့နော်။ ဖြစ်ချင်တဲ့ဟာတွေကလည်း မဖြစ်နိုင်တော့ဘူးဆိုတာမျိုး သူတို့ဆီမှာရှိနေလို့လားမသိဘူး။ စိတ်ဓာတ်ကျတဲ့ အပိုင်းတွေက လည်း များကြီးပြီးတော့ ရှိနေတယ်ပေါ့နော်။ အမေကတော့ သူတို့ဖြစ်ချင်တဲ့အပိုင်းမှာ သိပ်မပံ့ပိုးနိုင်ဘူးဆိုတော့ သူတို့အနေနဲ့က ဘယ်လိုပြောမရမလဲမသိပါဘူး။”

တမိသားစုလုံးအနေနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပုံမှန်နဲ့မတူကြတော့တာတွေ့နေရလို့ အတတ် နိုင်ဆုံး စည်းရုံးပေမဲ့ အရင်လို မိသားစု စုစုရုံးရုံးမရှိတော့ပဲ ပျက်ပြားလာတဲ့ပုံစံဖြစ်လာတယ်လို့ ဒေါ်မေရမ်က တစ်နှစ်အတွင်း သူကျော်ဖြတ်နေရတဲ့ အခြေအနေကို  ပြောပြပါတယ်။

အနန့်ပါမှာ လူတွေအစုလိုက်အပြုံလိုက် အသတ်ခံရတာနဲ့ ပတ်သက်လို့  ဒေါ်မေရမ်က ဘယ်သူ့ကိုမှ အပြစ်မတင်ပေမဲ့ သူ့အမျိုးသားသေဆုံးတာ တစ်နှစ်ပြည့်တဲ့အထိ တရားမျှတမှုမရရှိသေးဘူးလို့ ပြောပြပါတယ်။

ဒါကြောင့် နှစ်ပေါင်း ၇၀ ကျော် သူ့တသက် ကြုံတွေ့နေရတဲ့ ပြည်တွင်းစစ်ကို ငြိမ်းအေးစေချင်ပြီလို့ ဆိုပါတယ်။ 

သူ့မိသားစုရဲ့ မျှော်လင့်ချက်နဲ့ ဒေါ်မေရမ်က “စစ်အာဏာရှင် ဒီလို အုပ်ချုပ်မှုမျိုးမဟုတ်ဘဲနဲ့ ဒီမိုကရေစီလမ်းစဉ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီနဲ့အုပ်ချုပ်ပြီးမှ သာယာတဲ့ တိုင်းပြည် ဖြစ်ချင်တယ်ပေါ့နော်။ အဲလိုမျိုးဖြစ်လာမှသာ ကျမတို့အားလုံးက မိသားစုတွေစုံစုံလင်လင်နဲ့ ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ပညာရေးမှာလည်း အားလုံးအတူတကွ လူသားချင်း၊ လူဖြစ်တဲ့အတွက် လူ့အခွင့်အရေးအပြည့်အဝနဲ့ နေထိုင်သွားနိုင်မယ်လို့ ကျမလည်း ဒါတွေကိုတော့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တခြားမျက်မြင်သက်သေတစ်ယောက်ကို မေးကြည့်တဲ့အခါမှာတော့ ကာယကံရှင်ကိုယ်တိုင် မဟုတ်ဘဲ သူ့ရဲ့ညီဖြစ်သူက ဖုန်းနဲ့ဖြေဆိုခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က လိုက်လံ စုံစမ်းနေတာတွေကြောင့် ဖြေဆိုဖို့ငြင်းဆိုခဲ့ပါတယ်။

တူညီတာတစ်ခုကတော့ အဲအမျိုးသားရဲ့ ညီဖြစ်သူကလည်း အနန့်ပါဒေသ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ကို အခုထိ မမေ့နိုင်သေးဘူးလို့ လေးလေးနက်နက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၃ ရက် ည ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် အကြိုပျော်ပွဲရွှင်ပွဲ ကျင်းပနေချိန် စစ်ကောင်စီတပ်က လေယာဉ်တွေနဲ့ ဗုံကြဲခဲ့တာကြောင့် KIO/ KIA တပ်ဖွဲ့ဝင်တွေ အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၆၀ ကျော်  သေဆုံးခဲ့ပြီး ၁၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အခုနှစ် အောက်တိုဘာ ၉ ရက်မှာလည်း  လိုင်ဇာအနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် ၂၉ ဦး သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013