
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသားတယောက် ဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မဲသဝေါဒေသရှိ စစ်အာဏာရှင်စစ်တပ်ရဲ့ ပနာအော်ဘူးတူ (ကြယ်ပြောင်ကုန်း) စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် စစ်တပ်က အရပ်သားတွေနေထိုင်ရာ ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ အဲဒီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။
စခန်းသိမ်းခံရပြီးနောက် မွန်းလွဲပိုင်းမှာတော့ စစ်တပ်က တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ဖွေးဖိုးကလားကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်း တကျောင်းနဲ့ လူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











