Home
မြန်မာသတင်း
တကမ္ဘာလုံးတုန်ခါသွားပြီး အသံကြားလို့ မျက်လုံးဖွင့်ကြည့်ချိန်မှာ တရွာလုံး ပျက်စီးနေပြီ
DVB
·
October 11, 2023

တကမ္ဘာလုံးတုန်ခါသွားပြီး အသံကြားလို့ မျက်လုံးဖွင့်ကြည့်ချိန်မှာ တရွာလုံး ပျက်စီးနေပြီလို့ မုန်လိုင်ခက် စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်ရှောင်အမျိုးသမီးကို အဲဒီညဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ပြန်ပြောပြပါတယ်။ 

စစ်ရေးတင်းမာနေတဲ့ လိုင်ဇာ-နမ်ဆန်ယန် အနီးတဝိုက်မှာ  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လေ့ရှိတာကြောင့် အဲဒီတဝိုက်က ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို အမြဲတမ်း ကြောက်လန့်နေခဲ့ရတာပါ။

KIO/KIA ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာက စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေကတော့ အောက်တိုဘာလ ၉ ရက်နေ့ညက ကမ္ဘာပျက်မတတ် အိပ်မက်ဆိုးနဲ့ ကြုံခဲ့ရပါတော့တယ်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မုန်လိုင်ခက်ရွာက စစ်ရှောင်စခန်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ရှောင်စခန်းက အားတုန်ကတော့ သားသမီးတွေလက်ကိုဆွဲပြီး ဖိနပ်တောင် မစီးနိုင်ဘဲ နောက်ပြန်မလှည့်စတမ်း ထွက်ပြေးခဲ့ရတယ်လို့ အဲဒီညက ဖြစ်စဥ်ကို ပြောပြပါတယ်။

“ပုံမှန်က လေယာဥ်လာရင် အသံကြားရတယ်။ ဒုန်းဒိုင်းဆိုရင်လည်း ကြားရတယ်။ မနေ့ညကတော့ လေယာဥ်ပျံလာတဲ့ အသံလည်း မကြားဘူး။ ဒုန်းဒိုင်း ဘာသံမှမကြားဘဲ တခါတည်း တကမ္ဘာလုံး တုန်ခါသွားတယ်။ အဲဒီတုန်းက အဒေါ်တို့က အိပ်ရာဝင်နေပြီ။ မိသားစု ၄ ယောက်ပေါ့။ အသံကြားလို့ မျက်လုံးဖွင့်ကြည့်တော့ တအိမ်လုံး ပျက်စီးနေပြီ။ ကလေးတွေကို နိုးကြည့်တော့ အသံကြားတော့ ကလေးတွေ အသက်ရှိသေးတယ်ပေါ့။ အဲဒါနဲ့ အဒေါ်တို့ မိသားစု ဖိနပ်တောင် မပါဘူး။ ဘာမှ မပါဘူး။ ဒီအတိုင်း ခြေကျင်ထွက်ပြေးလာကြတာ။ အဲဒီလို ပြေးနေချိန်တုန်းကလည်း ဗုံးတွေ တစ်ခုပြီးတစ်ခုကျသံ ကြားနေဆဲပဲ။ နောက်တောင် ပြန်လှည့်မကြည့်တော့ဘဲ နောင်အယ်ခူးအသင်းတော်ဆီကို ခိုလှုံဖို့ ရောက်လာကြတာ။ ဝေကြိုင်ဘက်ကို ပြေးလာတာပေါ့။"

မုန်လိုင်ခက်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုဟာ လိုင်ဇာမြို့နယ်တခွင် အကြီးဆုံးပေါက်ကွဲမှုဖြစ်ပြီး လိုင်ဇာမြို့ရှိ နေအိမ်တွေတောင် တုန်ခါသွားခဲ့တယ်လို့ လိုင်ဇာမြို့ခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုက ည ၁၁ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့ပြီးနောက် တဆက်တည်းမှာပဲ လက်နက်ကြီးသံတွေပါ ကြားရတာကြောင့် ည ၁၂ ကျော်လောက်မှသာ သွားရောက် ကယ်ဆယ်ရေးလုပ်နိုင်ခဲ့တယ်လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။

“အသံကြားတော့ ကျနော်တို့ ဆိုင်ကယ်နဲ့ ထွက်လာခဲ့လိုက်တာ။ ဖြစ်ပြီး ၁၂ ကျော်လောက် ရောက်တော့ ရွာက တစစီဖြစ်သွားတယ်။ ဘယ်လိုကနေ ဘယ်လိုဖြစ်လဲ အံ့သြသွားကြတယ်။ အိမ်တွေက တစစီ၊ အမှိုက်ပုံလို ဖြစ်နေတာ။ အမှိုက်ပုံထဲမှာ အလောင်းတွေ ပုံနေတယ်။ အဲဒီအမှိုက်ပုံအောက်ထဲကနေ ကလေးတွေအော်တဲ့အသံ ကြားရတယ်။ လိုက်ရှာကယ်တင်ပြီး ကလေး ၅ ဦးကိုတော့ ဆေးရုံပို့လိုက်တယ်။ အလောင်း ၂၇ လောင်း ကျနော်တို့ ကောက်ခဲ့တယ်။ ဘာလက်နက်လဲဆိုတာ အခုထိ အဖြေရှာလို့ မရသေးဘူး။ အခု မုန်လိုင်ခက် ကျေးရွာမှာကတော့ လူတွေလည်း မနေကြတော့ဘူး။ ကြောက်ရွံ့တာက အကုန်လုံး ကြောက်ရွံ့ကုန်ကြတယ်။ ပြန်နေဖို့ ဘယ်သူမှ မစဥ်းစားရဲကြဘူး။”

စစ်ကောင်စီက မုန်လိုင်ခက်စစ်ရှောင်စခန်းကို ဗုံးကြဲမတိုက်ခိုက်ခင်ကတော့ ဂျက်လေယာဥ်နှစ်စီးနဲ့ နမ်ဆန်ယန်ကျေးရွာ အနီးတဝိုက်ကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ စစ်ဘေးရှောင်နေခဲ့ရတဲ့ မုန်လိုင်ခက် စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောက်တစ်ကြိမ် ထပ်ပြီး စစ်ဘေးရှောင်ခဲ့ရပြီး သူတို့ရဲ့ နေအိမ်၊ ပိုင်ဆိုင်မှုတွေအားလုံး ပျက်စီးသွားခဲ့ရပါပြီ။

“မနက် ၄ နာရီလောက်ကျတော့ ဗုံးကျတဲ့နေရာကို သွားကြည့်လိုက်တော့ ဧက ၂၀ ကျော်လောက် ပျက်စီးသွားတယ်။ ပေ ၂၀၀ လောက်ပတ်လည်က ဟောင်းလောင်းကြီးဖြစ်သွားတာ။ စစ်ရှောင်တွေရဲ့ အိမ်တွေရော ရပ်ကွက်ထဲက နေအိမ်တွေရော တော်တော်များများက ပြိုကျပျက်စီးနေပြီ။ စစ်ရှောင်စခန်းထဲမှာဆိုရင် စစ်ရှောင်စခန်း ဆိုတဲ့အတိုင်း နေအိမ်တွေက သိပ်မကောင်းဘူးလေ။ အဲဒါတွေ အကုန်လုံးလည်း ပြိုကျ ပျက်စီးကုန်တယ်။ အဒေါ်က ညကတည်းက ထွက်ပြေးတာပဲ။ ဒါပေမဲ့ အဲဒီလောက်ဆိုးဝါးမယ်မှန်း မသိခဲ့ဘူး။ မနက် သွားကြည့်တော့ အဒေါ်တို့အိမ်လည်း ရစရာ တစ်ခုမှ မရှိတော့ဘူး။ ရှိသမျှ ပိုင်ဆိုင်သမျှ အကုန်လုံး ပျက်စီးနေပြီ။”

မုန်လိုင်ခက်ရွာဟာ လိုင်ဇာမြို့မြောက်ဘက် ၂ မိုင်ကျော်အကွာမှာ တည်ရှိတဲ့ရွာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒုက္ခသည်စခန်းဟာ  ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ အခုနှစ် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ်ဆန်ယန်ရွာက ဒေသခံတွေ အများစု ခိုလှုံနေတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ရဲ့ ကချင်ဒေသ တကျော့ပြန်စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဆယ်စုနှစ် တစ်ခုကျော်ကြာ မိမိနေရပ်ပြန်နိုင်ရေး အိပ်မက်ဟာ ပိုပြီးအလှမ်းဝေးလာပါတော့တယ်။

ဒီအဖြစ်ဆိုးနဲ့ ကြုံလိုက်ရတဲ့ အားတုန်ကတော့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံး အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီ တောင်းခံထားပါတယ်။

“အဒေါ်တို့ အိမ်ပြိုကျပျက်စီးသွားတဲ့နောက် ထွက်ပြေးလာတဲ့ အိမ်ဝင်းနဲ့ တောကြား ပြေးနေတဲ့အချိန်တုန်းက ဆိုရင် လက်နက်ကြီးသံ လေး ငါးကြိမ် တဒိန်းဒိန်းမြည်သေးတယ်။ မုန်လိုင်ခက် တရွာလုံး ပျက်စီးသွားပြီ။ မီးလည်း ပျက်ပြီ။ အိမ်တွေလည်း ပျက်စီးကုန်ပြီ။ လမ်းလည်း ပျက်စီးသွားပြီး။ ဘုရားကျောင်းလည်း လီဆူးတွေရဲ့ နှစ်ခြင်းဘုရားကျောင်းလည်း ပျက်စီးပြီ။ အဒေါ်တို့ ဘုရားကျောင်းလည်း ပျက်စီးသွားပြီ။ မူကြိုကျောင်းလည်း ပျက်စီးသွားပြီ။ ရွာထဲက ဆေးပေးခန်းတွေလည်း အကုန်ပျက်စီးကုန်ပြီ။ ဒီစစ်ကောင်စီကို နိုင်ငံတကာကနေ အဖွဲ့အစည်းတွေ အားလုံးပူးပေါင်းပြီး ဝိုင်းဝန်းတားဆီးပေးနိုင်ရင် ပိုကောင်းတယ်။ ကျမတို့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာလည်း အချိန်အတော်ကြာလာပြီ။ အခုက အစကနေ ပြန်ဖြစ်သလို ဖြစ်နေတယ်။ ကျမတို့ အစိုးရ KIO/KIA ကနေ ဒီစစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ပါစေလိုပဲ အဒေါ်တို့ ဆုတောင်းပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး စစ်ကောင်စီ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ကျေးရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာပါ။

စစ်ကောင်စီဘက်က မကြာခဏဆိုသလို နမ်ဆန်ယန်ကျေးရွာ အနီးတဝိုက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လေ့ရှိတာကြောင့် အနီးအနားကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ 

စစ်ဘက်ရေးရာ ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ ကချင်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့  အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ် စတဲ့ နိုင်ငံတကာ အသိုက်အဝန်းက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့  မုန်လိုင်ခက် စစ်ရှောင်စခန်းကို  သူတို့ တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာ မဟုတ်တဲ့အကြောင်းနဲ့  ဒီကိစ္စ စုံစမ်းနေတုန်းပဲလို့  ပြောထားပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကေအိုင်အေ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖားကန့် ဖျော်ဖြေပွဲတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူတွေ အများအပြား သေဆုံးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်ကတော့ အခုလို အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်  တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့  ဝန်ခံခြင်းမရှိပါဘူး။ 

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024