
“စိန်ခေါ်မှု အကြီးမားဆုံးကတော့ ကိုယ့်ရဲ့ စခန်းသူ စခန်းသားထဲမှာကျတော့ ကိုယ့်ကို စပြီးတော့ ပူးပေါင်းလှုပ်ရှားနေတဲ့အချိန် ကိုယ့်ကို ယုံကြည်သလိုလို မယုံကြည်သလိုလို ကိုယ့်ကို အထင်သေးသလိုလို အဲဒီလိုမျိုးတွေပေါ့နော်။ အဲဒီလိုမျိုးတွေ ကြုံတွေ့နေရတာပဲ။”
ကရင်နီက စစ်ရှောင်စခန်းတခုရဲ့ ဦးဆောင်သူတယောက်ဖြစ်တဲ့ မချော (အမည်လွှဲ) က အမျိုးသမီး ဦးဆောင်သူတယောက်အနေနဲ့ သူ ကြုံရတာတွေကို DVB ကို ပြန်ပြောပြတာ ဖြစ်ပါတယ်။
အသက် ၄၅ အရွယ် မချောက ကရင်နီဒေသခံပါ။ သူက အရင်က မူကြိုဆရာမ အနေနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့သလို အာဏာသိမ်းပြီးစတုန်းကလည်း ကိုယ်ပိုင်လုပ်ငန်း အသေးစားတခု လုပ်ကိုင်ပြီး ဘဝကို ဖြတ်သန်းခဲ့တာပါ။ ဒါပေမဲ့ သူတို့နေထိုင်တဲ့နေရာအထိ တိုက်ပွဲတွေ ပျံ့နှံ့လာချိန်မှာတော့ သူဟာ မိသားစုနဲ့အတူ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာတော့ စစ်ရှောင်စခန်းတခုမှာ နေနေရပါတယ်။
သူဟာ အရင်ကခင်ပွန်းသည်၊ သမီးတွေနဲ့အတူ ဘဝကို အေးအေးလူလူ ရပ်တည်လာခဲ့ပေမဲ့ စစ်ရှောင်ပြီး မကြာခင်မှာတော့ လူဦးရေ ၂၀၀ လောက်ရှိတဲ့ စစ်ရှောင်စခန်းကသူတွေရဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေအတွက်ပါ ရုန်းကန်ခဲ့ရပါတယ်။ စစ်ရှောင်စခန်းကို ရောက်ကတည်းက အများနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့သူဟာ သိပ်မကြာခင်မှာပဲ စခန်း တာဝန်ခံတယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရလို့ ဖြစ်ပါတယ်။
သူ့ကို ထောက်ခံပြီး ဦးဆောင်သူနေရာ ရွေးချယ်သူတွေရှိပေမဲ့ တဖက်မှာလည်း မလိုသူတွေ ရှိနေတာကြောင့် ဒီလို တာဝန်ယူရတာ သူ့အတွက် ပန်းခင်းလမ်း မဟုတ်ခဲ့ပါဘူး။
“ကျမတို့ အမျိုးသမီးခေါင်းဆောင် အနေနဲ့ဆို မိသားစုနဲ့ အိမ်ထောင်ဦးစီးကို အရင်ဆုံး အတိုက်အခံ လုပ်ရတယ်။ စကားများရတယ်။ ဒါကတော့ သဘာဝပါပဲ။ အမျိုးသမီးတွေဆို ခေါင်းဆောင်လုပ်တာ သူတို့ သိပ်သဘောမကျကြဘူး။ မလိုချင်ကြဘူး။ ဘာဖြစ်လဲဆို ယောက်ျားလေးတွေမှပဲ ခေါင်းဆောင်လုပ်သင့်တယ် ဆိုတဲ့ဟာမျိုးတွေ၊ ဝါဒတွေကို သူတို့က အမြဲကိုင်စွဲထားတယ်ပေါ့နော်။ ဒါတွေက ကြုံနေရတာပဲ၊ အပြောအဆိုခံရတယ်၊ ကဲ့ရဲခံရတယ်။ ကိုယ့်နောက်ကနေ ကိုယ့်ကို အမျိုးမျိုး ပြောဆိုတာကို ခံရတယ်ပေါ့နော်” လို့ မချောတယောက် သူ တွေ့ကြုံခဲ့တာတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ဒီလိုတွေ ကြုံတွေ့ရတာဟာ သူတယောက်တည်း မဟုတ်ပါဘူး။ ကရင်နီ စစ်ရှောင်တွေထဲမှာ လူများစုဖြစ်တဲ့ အမျိုးသမီးတွေဟာ သူတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းတွေမှာ ဦးဆောင်သူနေရာကို ရောက်လာရင် မချောလိုပဲ ဝေဖန်တိုက်ခိုက်တာတွေ ခံနေကြရတာပါ။
အဲဒီထဲကတယောက်ကတော့ အရင်က စခန်း တာဝန်ခံ လုပ်ခဲ့ဖူးတဲ့ ဆရာမမူမူ (အမည်လွှဲ) ဖြစ်ပါတယ်။
သူက ကရင်နီပြည်နယ် စစ်ရှောင်စခန်းတခုမှာ သူ့ မိသားစုဝင် ၃ ဦး နဲ့ အတူတူ နေထိုင်နေသူတယောက် ဖြစ်ပါတယ်။ စခန်းတာဝန်ခံအဖြစ် ရွေးချယ်ခံရချိန်မှာ ပတ်ဝန်းကျင်ရဲ့ “မိန်းကလေးတွေက လျှာရှည်တယ်၊ စကားများတယ်၊ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပဲ လုပ်နိုင်ရမယ်” ဆိုတဲ့ ရှေးရိုးစွဲ အမြင်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
“အမျိုးသမီးခေါင်းဆောင်တွေကို တွန်းချတဲ့အထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော အကုန်ပါပါတယ်။ သူတို့က ရှေးရိုးစွဲအယူအဆတွေကိုပဲ လက်ကိုင်ကျင့်သုံးနေကြတော့ အမျိုးသမီးတွေက ခေါင်းဆောင်မလုပ်နိုင်ဘူး၊ အိမ်မှုကိစ္စပဲ လုပ်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိကြတယ်” လို့ ဆရာမ မူမူက သူ ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းစာရင်းတွေအရ ကရင်နီပြည်မှာ စစ်ရှောင်ဦးရေ ၂၇၀,၀၀၀ လောက်ရှိနေပြီး အဲဒီထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အဲဒီလို လူများစုဖြစ်တဲ့ အမျိုးသမီးတွေဟာ စစ်ရှောင်စခန်းတွေရဲ့ ခေါင်းဆောင်မှုအပိုင်းမှာတော့ ရာခိုင်နှုန်း နည်းနည်းပဲ ရှိနေတယ်လို့ ကရင်နီ အမျိုးသမီးအစည်းအရုံး (KNWO) က ပြောပါတယ်။
စစ်ပွဲတွေကြောင့် စခန်းအသီးသီးမှာ ခေတ္တခိုလှုံနေကြရတဲ့ အမျိုးသမီးတွေဟာ မိသားစုရဲ့ နေ့စဉ် စားဝတ်နေရေးကစလို့ စခန်းတွင်း လူမှုရေးတာဝန်တွေကို အပြည့်အဝ စီမံခန့်ခွဲနိုင်ကြပေမဲ့ ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချတဲ့ အခွင့်အလမ်းတွေမှာတော့ အမြဲလိုလို ချန်လှပ်ခံထားရဆဲ ဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)မှ တာဝန်ရှိသူတယောက်ဖြစ်တဲ့ မမော်ဖရေးမြာက ဆိုပါတယ်။
“အဓိက အမြစ်တွယ်နေတဲ့ ဂျဲန်ဒါအခြေပြု အယူအဆတွေ၊ ရှေးရိုးစွဲအယူအဆတွေ၊ အာဏာခွဲဝေမှု ပုံစံတွေနဲ့ အမျိုးသမီးတွေက အိမ်မှုကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ စွဲကပ်မှုတွေက အဓိက အတားအဆီး ဖြစ်နေတာပါ။ အစည်းအဝေးတွေမှာ အမျိုးသမီးတွေရဲ့ တင်ပြချက်တွေကို သံသယဖြစ်တာ၊ လျစ်လျူရှုတာတွေကြောင့် နောက်ဆုံး ဆုံးဖြတ်ချက်မှာ အမျိုးသမီးတွေရဲ့ အသံ ပါမလာတာတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။”
အခုလို စိန်ခေါ်မှုတွေနဲ့ ရှေးရိုးစွဲ အတားအဆီးတွေကို စစ်ဘေးရှောင်စခန်းအတွင်းမှာရှိတဲ့ အမျိုးသမီးတိုင်းလိုလို ကြုံတွေ့နေရပေမဲ့လည်း အဲဒီအခက်အခဲတွေကို ရင်ဆိုင်တုံ့ပြန် ကျော်လွှားတဲ့ ပုံစံတွေကတော့ တယောက်နဲ့ တယောက်တော့ မတူကြပါဘူး။
မချောကတော့ သူ့ကို ဝေဖန်တိုက်ခိုက်လာတဲ့ စကားတွေကို ခွဲခြားဆန်းစစ်ပြီး လျစ်လျူရှုသင့်တာကို လျစ်လျူရှုခဲ့သလို ကိုယ်တိုင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပြီး ရှေ့ဆက်ခဲ့ပါတယ်။ သူ့ကို ဝေဖန်ပြောဆိုမှုတွေ အတိုက်အခံတွေကို ဒေါသနဲ့ မတုံ့ပြန်ဘဲ စခန်းသူ စခန်းသားတွေရဲ့ အကျိုးအတွက် မှန်ကန်တဲ့ လုပ်ရပ်တွေနဲ့သာ သက်သေပြခဲ့ပြီး နောက်ပိုင်းမှာတော့ အားလုံးက လက်ခံလာကြတယ်လို့ သူကဆိုပါတယ်။
“ကျမတို့ အစည်းအဝေး လုပ်နေတဲ့အချိန်မှာပေါ့။ စကားဝိုင်းမှာ ထိုင်နေတဲ့အချိန်မှာ ကျမတို့အနေနဲ့ တင်ပြပေးလို့ရှိရင် သူတို့ဘက်က ဟို လက်မခံတဲ့ အပိုင်းတွေ ရှိတတ်တယ်လေ။ အဲလိုဆို ကိုယ်က အတတ်နိုင်ဆုံး ဟို ဘယ်လို ပြောရမလဲ၊ နည်းလမ်းမှန်အောင်ပေါ့နော်၊ သဘောပေါက်အောင် ပြောပြရတယ်ပေါ့။ ချက်ချင်းတော့ သူတို့က ဘယ်လက်ခံမလဲ ဒါပေမဲ့ နောက်ပိုင်းတော့ အဆင်ပြေလာတယ်။ အခုဆို လက်တွဲခေါ်တယ်။ ပူးပေါင်းပါဝင်ခိုင်းတယ်။ တခုခု ဆုံးဖြတ်ချက် ချမယ်ဆိုလို့ရှိရင် ခေါ်တယ်၊ တိုင်ပင်တယ်၊ ဆွေးနွေးဖြစ်ကြတယ်ပေါ့နော်” လို့ မချောက သူရဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ ဆရာမ မူမူကတော့ မချောလို မဟုတ်ပါဘူး။ သူ့ကို ဝေဖန်တိုက်ခိုက်မှုတွေကြောင့် စခန်းတာဝန်ခံ ဆိုတဲ့ တာဝန်ကို စွန့်လွှတ်ခဲ့သလို စိတ်ဒဏ်ရာရခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
မချောကတော့ ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကို နည်းလမ်းမှန်မှန်နဲ့ ကျော်လွှားနိုင်ခဲ့ပေမဲ့ ဆရာမ မူမူကတော့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ဆွဲချမှုတွေကြောင့် တာဝန်ကနေ ခေတ္တ ရပ်နားရတဲ့အထိ စိတ်ဒဏ်ရာ ကြီးမားခဲ့ပါတယ်။
“တာဝန်ခံအမျိုးသားတယောက်က ကျမကို လူပုံအလယ်မှာ နင်က ဘာကောင်လဲ” ဆိုပြီး စကားပြောလိုက်တာ လူအများကြားမှာ အရှက်ကွဲတော့ လုံးဝမခံနိုင်ဘူး စိတ်နာလို့ တာဝန်ကနေ နားလိုက်တာ။”
လို့ ဆရာမ မူမူက ရင်ဖွင့် ပြောပြခဲ့ပါတယ်။ အခုလို စိတ်နာစရာတွေ ကြုံတွေ့ခဲ့ရပြီးနောက် တာဝန်ကနေ ခေတ္တ အနားယူနေချိန်မှာ ဘာသာရေးနဲ့သာ စိတ်ကို ပြန်လည် ကုစားခဲ့ရပါတယ်။
KNWO က တာဝန်ရှိသူ မမော်ဖရေးမြာကတော့ အခုလို စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးခေါင်းဆောင်တွေ ကြုံတွေ့နေရတဲ့ အတိုက်အခိုက်တွေဟာ ပုဂ္ဂိုလ်ရေးအရ စွမ်းဆောင်ရည် မရှိတာကြောင့် မဟုတ်ပဲ အမြစ်တွယ်နေတဲ့ အယူအဆတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အမျိုးသမီးခေါင်းဆောင်တွေအနေနဲ့ မိမိကိုယ်ကို အပြစ်တင်စရာမလိုပဲ ရည်ရွယ်ချက်ရှင်းရှင်းနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေကို ပွင့်လင်းမြင်သာစွာ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်သလို မတရားခွဲခြားဆက်ဆံခံရရင်လည်း တိတ်ဆိတ်မနေဘဲ အသံထုတ် ဖော်တုံ့ပြန်ကြဖို့ သူက ဆက်လက် တိုက်တွန်းထားပါတယ်။
“သူများ တိုက်ခိုက်တာ ဝေဖန်တာ ကြုံရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုဘူး။ ကျမတို့ရဲ့ အသိုင်းအဝိုင်းတွေမှာက ဂျဲန်ဒါနဲ့ ဆိုင်တဲ့ အယူအဆ၊ အာဏာခွဲဝေမှုပုံစံ မမျှတတဲ့အတွက်ကြောင့် ကိုယ့်အပေါ် လာသက်ရောက်တာဖြစ်တယ်ဆိုတဲ့ ဟာမျိုးတွေကို နားလည်ဖို့ လိုတယ်ပေါ့နော်။ မတရား ဖိနှိပ်တာ အဲဒီလိုဆိုလို့ရှိရင်တော့ ကျွန်မတို့ အသံထုတ်ဖော်ရမယ်။ ကိုယ် ယုံကြည်ရတဲ့ တခြားအမျိုးသမီးအဖွဲ့အစည်းများစွာ ရှိတယ်။ အပြန်အလှန်ပုံပိုးမှု ရယူမဲ့ဟာမျိုးတွေ လုပ်ခိုင်းစေချင်တယ်ပေါ့နော်။ ဒီအလုပ်တွေ လုပ်တဲ့အခါမှာ ပိုပြီးတော့ လုံခြုံမယ်၊ ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ အရမ်းအရေးကြီးတယ်ပေါ့၊ လုံခြုံမယ်၊ စိတ်ကျန်းမာမှုရှိမှပဲ အခြားသူတွေကိုလည်း အများကြီး ကူညီနိုင်မှာ ဖြစ်ပါတယ်ပေါ့။”
ဝေဖန်တိုက်ခိုက်တာတွေကို ကြံ့ကြံ့ခံပြီး ဝေဖန်သူတွေကို ထောက်ခံသူဖြစ်အောင် ပြောင်းလဲနိုင်ခဲ့တဲ့ မချောကလည်း ဘဝတူ အမျိုးသမီးတွေကို သူ့အတွေ့အကြုံနဲ့ ရင်းပြီး အခုလိုပဲ တိုက်တွန်းလိုက်ပါတယ်။
“အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရမှာပေါ့နော်။ အားမငယ်ဖို့ လိုတယ်။ ကိုယ် လျှောက်နေတဲ့လမ်း၊ ကိုယ်လုပ်နေတဲ့ အလုပ်သည် မှန်ကန်မယ်ဆိုရင် နောက်မဆုတ်ဘဲ ရှေ့ဆက်သွားဖို့ လိုတယ်။ ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေဟာ ကိုယ့်ကို တိုက်ခိုက်မှုတွေ အများကြီး လာတဲ့အချိန်မှာ သူတို့တွေ တိုက်ခိုက်နေတာ ကိုယ့်ရဲ့ တက်လမ်းကို ရိုက်ချိုးနေတာလား၊ ကိုယ့်ကို လှေကားထစ် ဖြစ်နိုင်လား ဆိုတာ သေချာတွေးပြီးတော့မှ ဆုံးဖြတ်ဖို့လိုတယ်။”
ဒီဂျူလိုင်











