DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် လသားအရွယ် ကလေးများ ပါဝင် 
DVB
·
October 10, 2023
ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရပြီး သေဆုံးသူများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် လသားအရွယ် ကလေးများ ပါဝင် 
Donate to DVB

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO\KIA) ဌာနချုပ်ရှိရာ လိုင်ဇာနားက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ လသားအရွယ် ကလေးငယ်တွေ အပါအဝင် လူ ၃၀ နီးပါးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။  

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO\KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နဲ့  နန်ဆန်ယန်ရွာကြားမှာရှိတဲ့ မုန်လိုင်ခက်ရွာရှိ ဝေကြိုင်စစ်ရှောင်စခန်းကို စက်တင်ဘာ ၉ ရက် မနေ့ ည ၁၁ နာရီလောက်မှာ စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အိပ်မောကျနေခဲ့တဲ့ ကိုယ်ဝန်ဆောင်နဲ့ လသားအရွယ် ကလေးငယ်တွေ အပါအဝင် စစ်ရှောင် ၃၀ နီးပါးသေဆုံးခဲ့ရတာလို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) မှ တာဝန်ရှိသူ တစ်ယောက်က အတည်ပြုပြောပါတယ်။

“ကိုယ်ဝန်ဆောင်တွေ သုံး လေးယောက်လောက် ပါသွားတယ်။ ကလေးငယ်က ၁၀ ကျော်ပါ သွားတယ်။ အငယ်ဆုံးက ၃၊ ၄ လ အဲဒီအရွယ်ပေါ့နော်။ နောက်တစ်လကျော်ကလေးက အသက်ရှင်ပြီးမှ ကျန်ရစ်တယ်။ သူ့မိခင်၊ ဖခင်က သေဆုံးသွားတဲ့အထဲမှာ ပါသွားတယ်”

ဒီစာရင်းတွေဟာ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီအထိ ရရှိထားတဲ့စာရင်းတွေပဲဖြစ်ပြီး မြေပြင်မှာ ကူညီကယ်ဆယ်ရေးနဲ့ ရုပ်အလောင်းရှာဖွေတာတွေကို ဆက်လုပ်နေဆဲလို့ သူကဆိုပါတယ်။

ကနဦးရရှိထားတဲ့စာရင်းတွေအရ ဒဏ်ရာရတဲ့သူ ၅၇ ယောက်ရှိပြီး အဲဒီလူတွေကို လိုင်ဇာနဲ့ မိုင်ဂျာယန်မှာရှိတဲ့ ဆေးရုံတွေကို ပို့ဆောင်ပြီး ခွဲစိတ်ကုသမှုတွေ ဆက်လုပ်နေတုန်းလို့ သိရပါတယ်။

မုန်လိုင်ခက်မှာရှိတဲ့စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး စခန်းကို အရှေ့နဲ့ အနောက်ဆိုပြီး ၂ ခု ခွဲထားကြောင်းနဲ့ အခုဗုံးကြဲခံရတဲ့နေရာမှာတော့ အိမ်ခြေ ၃၀ ကျော်ရှိနိုင်ကြောင်း သူကဆိုပါတယ်။

အဲဒီစခန်းအနားမှာရှိတဲ့ နန်ဆန်ယန်စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ယောက်ကတော့ အခုတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃ ယောက် သေဆုံးခဲ့ရတယ်လို့ဆိုပေမယ့် အသေးစိတ်ကို အတည်ပြုနေတုန်း လို့ပြောတယ်။

“အဲဒီကလူတွေ ကျနော်အသိတွေကိုမေးကြည့်တယ်။ သူတို့တောင် ဘာမှန်းတောင်မသိလိုက်ဘူး။ အသံတောင်သိပ်မကြားလိုက်ဘူး။ တစ်ခါတည်း အုန်း ဆိုတာနဲ့ ပါသွားတယ်လို့ပြောတာပဲ။ ကျနော်ထင်သလောက်တော့ လေယာဉ်ဖြစ်မယ်လို့။ လက်နက်ကြီးက အဲ့လောက်ထိ  အင်အားကြီးမားဖို့တော့ မဖြစ်နိုင်ဘူး”

ဗုံးကျတဲ့နေရာဟာ အနက် ၁၀ ပေ၊ အကျယ် ပေ ၅၀ ဝန်းကျင်ရှိပြီး ၁ မိုင်ဝန်းကျင်အထိ ထိခိုက်မှုပြင်းခဲ့ကြောင်း မြေပြင်မှာရှိနေတဲ့ တခြားဒေသခံတစ်ယောက်ကလည်းပြောပါတယ်။

စစ်ကောင်စီက ဗုံးကြဲတာကြောင့် မုန်လိုင်ခက်ရွာရှိ ဝေကြိုင်စစ်ရှောင် စခန်း၊ ရပ်ကွက် ၆ က စစ်ရှောင် နေအိမ် တန်းလျား ၂ တန်းနဲ့ ကားဝပ်ရှော့တို့ ထိမှန်ခဲ့ပြီး သေဆုံးသူတွေကို အောက်တိုဘာ ၁၀ ရက်နေ့မှာပဲ သင်္ဂြိုလ်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပက်သက်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီးကို ဆက်သွယ်ခဲ့ရာမှာတော့ ဖြစ်စဉ်ကို မသိရသေးဘူးလို့ ပြောပါတယ်။

“အဲ့ဒီကိစ္စက တကယ်ထိခိုက်ခဲ့တယ်။ ကျနော်တို့ သတင်းရနိုင်တဲ့ အဝန်းအဝိုင်းပေါ့။ ဉပမာ - ရွာတွေပေါ်ရောက်မယ်။ ရပ်ကျေးတွေပေါ်ရောက်မယ်။ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စရပ်တွေ ကုသပေးရတယ်ဆိုတဲ့ ကိစ္စတွေ၊ အဲ့လိုရောက်လာရင် ကျနော်သိတဲ့အချိန်ရောက်ရင် ပြန်ပြီးတော့သတင်းထုတ်ပြန်ပေးပါမယ်ဗျ၊”

KIO/KIA ဌာနချုပ်အနီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာဟာ KIO ကို ခြိမ်းခြောက်တဲ့ ပုံစံမျိုးဖြစ်နိုင်ပြီး ဒီလုပ်ရပ်ဟာ လူမျိုးသုန်းတိုက်ခိုက်မှုတစ်ခုလည်း ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို  ပြောပါတယ်။ 

“စစ်ကောင်စီကတော့ ရန်သူကို မပစ်ပဲနဲ့ ပြည်သူလူထုကိုပဲ ပစ်မှတ်ထားပြီးမှပစ်တာ ဒါဟာ သူ့ရဲ့ စစ်ရေးယဥ်ကျေးမှုတစ်ခုလို ဖြစ်နေတာ။ ဒါက ကျွန်တော်တို့ မြန်မာပြည်သူလူထုကို စစ်အာဏာရှင်စနစ်နဲ့ ရက်စက်တာတွေ သတ်ဖြတ်တာတွေ အမြဲတမ်းလုပ်နေတာ အဲတာ သူတို့ရဲ့ ယဥ်ကျေးမှုတစ်ခုလို ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုမြောက်တဲ့ သူတို့ရဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။”

ဒီဖြစ်စဉ်ဟာ KIA ရဲ့ Drop Bomb သိုလှောင်တဲ့နေရာ ပေါက်ကွဲတာသာ ဖြစ်တယ်လို့  စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကနေ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေ့လည်ပိုင်းအထိရရှိတဲ့ စာရင်းတွေအရ သေဆုံးသူ ၂၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၅၇ ဦးအထိ ရှိနေပြီလို့ ဒီဗွီကို ပြောဆိုထားပါတယ်။

“မနေ့က ည ၁၁နာရီအချိန်မှာ လိုင်ဇာရဲ့ ရပ်ကွက် ၁ဖြစ်တဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ နေ့လည်ပိုင်းအထိကတော့ သေဆုံးသူ ၂၉ဦးအထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၅၆ဦးအထိ ရှိနေတယ်၊ ဒဏ်ရာရရှိသူတွေကိုတော့ လိုင်ဇာဆေးရုံမှာ ဆေးကုသမှုပေးနေ။ သေဆုံးသူတွေကို ဒီနေ့ သဂြိုလ်မယ်။ သမိုင်းမှတ်တမ်းတစ်ခုအဖြစ် မှတ်သားထားပါတယ်။ တော်လှန်ရေး ရှေ့ဆက်သွားမှာပါ”

အခုနှစ် ဇူလိုင်လဆန်းလောက်ကစပြီး လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီက ကုန်းကြောင်း ရေကြောင်းကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်ကလည်း ဖားကန့် အနန့်ပါမှာလည်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ အစုလိုက် အပြုံလိုက် ရာနဲ့ချီ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

စိုးသူအောင်/ ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013