ကချင်ပြည်နယ်ဆီသို့ သွားရာလမ်း

အရေးပါတဲ့ ရှားပါးသတ္တုတွေကို ကမ္ဘာတလွှား အပြိုင်အဆိုင် ရှာဖွေနေကြပါတယ်။ ဒါက မြေကြီးထဲက သယံဇာတကိစ္စချည်းပဲ မဟုတ်တော့ပါဘူး။ နိုင်ငံရေးနဲ့ ပထဝီဝင် အနေအထားတွေ ပါလာပါပြီ။ ဆက်သွယ်ရေးနဲ့ ထောက်ပံ့ရေးကွင်းဆက်ကို ဘယ်သူ ထိန်းချုပ်မလဲဆိုတဲ့ ကိစ္စ ဖြစ်လာပါတယ်။ အိန္ဒိယအတွက်တော့ မြန်မာနိုင်ငံက ကချင်ပြည်နယ်ဟာ မဟာဗျူဟာကျတဲ့ အကျပ်အတည်းတခုပါ။ ဒီဒေသမှာ အလွန်ရှားပါးတဲ့ သတ္တုဒြပ်စင်တွေ အများကြီး ထွက်ပါတယ်။ ဥပမာ ဒစ်စပရိုဆီယမ်နဲ့ တာဘီယမ်တို့လို သတ္တုတွေပေါ့။ ဒါတွေက အဆင့်မြင့်သံလိုက်၊ ခေတ်မီအီလက်ထရွန်းနစ်နဲ့ ကာကွယ်ရေး နည်းပညာတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ နယူးဒေလီအတွက် စဉ်းစားစရာက မြန်မာမှာ ဒီသတ္တုတွေ ရှိနေဖို့လောက်တင် မဟုတ်ပါဘူး။ အိန္ဒိယစက်မှုကဏ္ဍဆီ အရောက်ပို့မဲ့လမ်းကြောင်းရှိဖို့ လိုပါတယ်။ အဲဒီလမ်းကြောင်းက စိတ်ချရပြီး ရေရှည်တည်တံ့ဖို့က ပိုအရေးကြီးနေပါတယ်။
ကမ္ဘာ့ရှားပါးသတ္တု တူးဖော်ရေးမှာ မြန်မာက အရေးပါလာပါတယ်။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) စာရင်းတွေအရ ၂၀၂၄ ခုနှစ်မှာ တရုတ်က ၆၁ ရာခိုင်နှုန်း ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာက ၁၆ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အိန္ဒိယအတွက် မြန်မာက သယံဇာတ ပေါကြွယ်ဝလို့တင် အရေးပါတာ မဟုတ်ပါဘူး။ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းဒေသနဲ့ နယ်နိမိတ်ချင်း ကပ်နေလို့ ပိုအရေးပါနေတာပါ။
ဒါပေမဲ့ ပြဿနာတခု ရှိပါတယ်။ မြန်မာ့ရှားပါးသတ္တုကဏ္ဍက တရုတ်ရဲ့ ထောက်ပံ့ရေးကွင်းဆက်ထဲမှာ အမြစ်တွယ်နေပါတယ်။ မြန်မာကထွက်တဲ့ ရှားပါးသတ္တု ၉၀ ရာခိုင်နှုန်းကျော်က တရုတ်ကို ဝင်သွားပါတယ်။ ယူနန်ပြည်နယ်က သန့်စင်ရေးနဲ့ သံလိုက်လုပ်ငန်းတွေဆီ ရောက်သွားတာပါ။ တရုတ်က မြန်မာနဲ့ နီးစပ်မှု ရှိပါတယ်။ ခိုင်မာတဲ့ စီးပွားရေးကွန်ရက်တွေလည်း ရှိပါတယ်။ အဆင့်မြင့် သန့်စင်နိုင်တဲ့ နည်းပညာတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တရုတ်က အကျိုးအမြတ် အများကြီး ရနေတာပါ။ ဒါက အိန္ဒိယအတွက် ကြီးမားတဲ့ အခက်အခဲပါပဲ။ မြန်မာဟာ အိန္ဒိယအတွက် ရှားပါးသတ္တုရနိုင်မဲ့ နောက်ထပ် လမ်းကြောင်းတခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပထဝီနိုင်ငံရေးနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကို အရင်ရှင်းရပါမယ်။ ဒါတွေကို မဖြေရှင်းဘဲ သွားယူရင် တရုတ်အပေါ် အိန္ဒိယရဲ့ မှီခိုနေရမှုကို လျှော့ချနိုင်မှာ မဟုတ်ပါဘူး။
ကချင်ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ပထဝီအနေအထားက ပြဿနာကို ပိုရှုပ်စေပါတယ်။ ရှားပါးသတ္တု တူးဖော်နေတဲ့ နေရာတော်တော်များများက စစ်တပ်ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေက ဒီလုပ်ငန်းတွေမှာ ပါဝင်နေကြပါတယ်။ မကြာသေးခင်က ချီဖွေနဲ့ ပန်ဝါဒေသတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းလိုက်ပါတယ်။ ဒါကြောင့် ဒေသတွင်း နယ်မြေစိုးမိုးမှုနဲ့ စီးပွားရေးအခြေအနေတွေ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။
အိန္ဒိယအနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဘယ်ဘက်က ပါရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာစက်တွေ ပြန့်ကျဲနေတယ်ဆိုတဲ့ အခြေအနေကိုတော့ လက်ခံရပါမယ်။ အိန္ဒိယရဲ့ ရှားပါးသတ္တု မဟာဗျူဟာအတွက် စစ်တပ်မထိန်းချုပ်နိုင်တဲ့ ဒေသတွေနဲ့ ဆက်ဆံရနိုင်ပါတယ်။ ဒီလိုဆိုရင် နယူးဒေလီအနေနဲ့ နေပြည်တော်နဲ့ တရားဝင်ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ လိုပါတယ်။ တချိန်တည်းမှာပဲ ဒေသခံ လက်နက်ကိုင်တွေနဲ့လည်း ဆက်သွယ်နိုင်ရပါမယ်။ သံတမန်ရေးအရ ပျော့ပျောင်းမှုမျိုး ရှိဖို့ လိုအပ်လာပါပြီ။
ဒီလိုချဉ်းကပ်ရာမှာ သတိထားပြီး ချိန်ဆရပါမယ်။ အိန္ဒိယဟာ မြန်မာနယ်စပ်က ရခိုင်နဲ့ ချင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံဖူးပါတယ်။ ဒါပေမဲ့ သယံဇာတကိစ္စအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အကြီးအကျယ် ညှိနှိုင်းဖူးတာမျိုး မရှိသေးပါဘူး။ နောက်ပြီး အိန္ဒိယနဲ့ KIA ကြားမှာ သဘောတူညီချက် ရထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒါကို အိန္ဒိယအာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။ တရားဝင် အတည်ပြုတာမျိုး မရှိသေးပါဘူး။
အဓိကအကျဆုံး ပြဿနာကတော့ ပထဝီအနေအထားပါပဲ။ အိန္ဒိယဟာ သတ္တုတွင်းတွေဆီ ဝင်ခွင့်ရရုံနဲ့ မလုံလောက်ပါဘူး။ သတ္တုတွင်းကနေ သန့်စင်မဲ့ စက်ရုံတွေဆီကို သယ်မယ့်လမ်းကြောင်း လုံခြုံဖို့ လိုပါတယ်။ ဒီနေရာမှာ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းဒေသက အရေးပါလာပါတယ်။ မဏိပူရက မိုးရေ၊ မီဇိုရမ်က ဇိုခေါသာနဲ့ အရူနာချယ်ပရာဒက်ရှ်က နမ်ပွန်း တို့ဟာ နယ်စပ်ဂိတ်တွေပါ။ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကလည်း ရှိနေပါတယ်။ ဒါက အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းကနေ စစ်တွေ၊ အဲဒီကတဆင့် မီဇိုရမ်အထိ ရေလမ်း၊ ကုန်းလမ်း ချိတ်ဆက်ပေးနိုင်ပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးကလည်း ကုန်းလမ်းဆက်သွယ်ရေးကို ပိုကောင်းလာစေနိုင်ပါတယ်။
ဒါပေမဲ့ လောလောဆယ်မှာတော့ ဒီလမ်းကြောင်းတွေက အကန့်အသတ်တွေ ရှိနေပါတယ်။ ပဋိပက္ခတွေ ရှိနေပါတယ်။ လမ်းတံတားတွေ ပျက်စီးနေပါတယ်။ နယ်စပ်ဖြတ်ကျော်ခွင့်တွေလည်း ကန့်သတ်ထားပါတယ်။ မိုးရေး-တမူး လမ်းကြောင်းဆိုရင် အနှောင့်အယှက်တွေ ရှိနေပါတယ်။ ကုလားတန် စီမံကိန်းရဲ့ တချို့အပိုင်းတွေကိုလည်း ပြန်တည်ဆောက်ဖို့ လိုနေပါသေးတယ်။
ဒီအချက်တွေက ရှင်းလင်းတဲ့ မဟာဗျူဟာတခုကို ပြသနေပါတယ်။ အဲဒါကတော့ အိန္ဒိယအနေနဲ့ သတ္တုတွေမရခင်မှာ လမ်းကြောင်းကို အရင်လုံခြုံအောင် လုပ်ရမယ် ဆိုတာပါပဲ။
အဆိုပြုချင်တဲ့ မူဘောင်တခု ရှိပါတယ်။ အဲဒါကတော့ ‘အခြေခံအဆောက်အအုံနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် သယံဇာတ ချဉ်းကပ်မှု’ ပါ။ သယံဇာတရဖို့ သက်သက်လောက်ပဲ ကျဉ်းကျဉ်းမြောင်းမြောင်း မစဉ်းစားသင့်ပါဘူး။ ရှားပါးသတ္တုကိစ္စကို တခြားကဏ္ဍတွေနဲ့ ပေါင်းစပ်ရပါမယ်။ လမ်းပန်းဆက်သွယ်ရေး တည်ဆောက်တာ၊ ဒေသတွင်း စီးပွားရေး ကူညီတာ၊ အိန္ဒိယရဲ့ အရှေ့မျှော် မဟာဗျူဟာတွေနဲ့ တွဲလုပ်သင့်ပါတယ်။
ပထမအချက်က လမ်းကြောင်းဆိုင်ရာ သံတမန်ရေးပါ။ အိန္ဒိယဟာ အရှေ့မြောက်ပိုင်းနဲ့ မြန်မာကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို ပိုလုံခြုံအောင် လုပ်ရပါမယ်။ ဖွံ့ဖြိုးအောင် အမြန်လုပ်ရပါမယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ကတဆင့် သွားနိုင်မဲ့ လမ်းကြောင်းတွေကိုလည်း ရှာသင့်ပါတယ်။ လမ်းကြောင်းတွေကို ခွဲဝေဖြန့်ကြက်ထားဖို့ လိုပါတယ်။ ဒါမှ ပဋိပက္ခဖြစ်နေတဲ့ လမ်းကြောင်းတခုတည်းကို မှီခိုနေရတာမျိုး မဖြစ်မှာပါ။ အရှေ့မြောက်ပိုင်းဒေသရဲ့ စီးပွားရေး ပေါင်းစည်းမှုကိုလည်း ပိုခိုင်မာလာစေမှာပါ။
ဒုတိယအချက်က လမ်းကြောင်းစုံ သံတမန်ရေးပါ။ မြန်မာစစ်တပ်နဲ့ တရားဝင်ဆက်ဆံရေးက အဓိကပါ။ ဒါပေမဲ့ နယ်စပ်နဲ့ သယံဇာတထွက်တဲ့ နေရာတွေကို ထိန်းချုပ်ထားတဲ့ အဖွဲ့တွေနဲ့လည်း အဆက်အသွယ် ရှိသင့်ပါတယ်။ ရည်ရွယ်ချက်က သူတို့ကို နိုင်ငံရေးအရ အသိအမှတ်ပြုဖို့ မဟုတ်ပါဘူး။ ပဋိပက္ခကြားမှာ လုံခြုံစွာ သွားလာနိုင်ဖို့ပါ။ သတင်းအချက်အလက် စုဆောင်းနိုင်ဖို့ပါ။ လူသားချင်းစာနာမှု ကူညီရေးတွေ လုပ်နိုင်ဖို့ပါ။ အနာဂတ်မှာ တရားဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်မယ့် အခြေအနေ ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ အိန္ဒိယဟာ သန့်စင်ထုတ်လုပ်မှုအပိုင်းကို အမြန်ဖြေရှင်းရပါမယ်။ မြန်မာနိုင်ငံကနေ ရှားပါးသတ္တုတွေ ရလာတယ်ပဲ ထားပါ။ ပြည်တွင်းမှာ ခွဲခြားသန့်စင်နိုင်စွမ်း မရှိဘူးဆိုရင် အလကားပါပဲ။ အိန္ဒိယအတွက် ဘာတန်ဖိုးမှ ရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြည်တွင်းမှာ ရှားပါးသတ္တု ခွဲခြားတာ၊ သန့်စင်တာ၊ သတ္တုစပ်နဲ့ သံလိုက်ထုတ်လုပ်တာတွေ လုပ်နိုင်ရပါမယ်။ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ လိုအပ်နေပါတယ်။ လက်ရှိ အိန္ဒိယရဲ့ သန့်စင်နိုင်စွမ်း အားနည်းချက်က အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာပါ။
စတုတ္ထအချက်ကတော့ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ဖို့ပါ။ အိန္ဒိယဟာ တခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။ ဒီလိုပဲ ရှားပါးသတ္တု သန့်စင်တာ၊ သံလိုက်ထုတ်လုပ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ နိုင်ငံတွေနဲ့လည်း လက်တွဲသင့်ပါတယ်။ ဥပမာ ဂျပန်နဲ့ တောင်ကိုရီးယားလို နိုင်ငံတွေနဲ့ နည်းပညာအရ မိတ်ဖက်ဖွဲ့သင့်ပါတယ်။ ဒါဆိုရင် သယံဇာတလည်း ရမယ်၊ နည်းပညာလည်း ရပါမယ်။ ပြည်တွင်းစွမ်းဆောင်ရည်လည်း တက်လာပါမယ်။ အိန္ဒိယရဲ့ လက်ရှိ မဟာဗျူဟာတွေကလည်း ဒီလမ်းကြောင်းအတိုင်း သွားနေပါတယ်။
နောက်ဆုံးအချက်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ထောက်ပံ့ရေးကွင်းဆက် စံနှုန်းတွေပါ။ မြန်မာမှာ ရှားပါးသတ္တု တူးဖော်တာက သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်စေပါတယ်။ ဓာတုဆေးရည်တွေ သုံးပြီး မြေကြီးထဲကနေ စုပ်ယူတဲ့နည်းကြောင့်ပါ။ အိန္ဒိယအနေနဲ့ ဒီလို ဆိုးကျိုးတွေကို တခြားနေရာကို လွှဲချလို့ မရပါဘူး။ ထောက်ပံ့ရေးကွင်းဆက် ခိုင်မာဖို့ဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း ထည့်စဉ်းစားရပါမယ်။
ကချင်ပြည်နယ်က ရှားပါးသတ္တုတွေဟာ အရင်းအမြစ်တခုထက် ပိုပါတယ်။ အိန္ဒိယရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းအတွက် ကြီးမားတဲ့ မေးခွန်းတခု ဖြစ်နေပါတယ်။ အိန္ဒိယဟာ တရုတ်ကို မှီခိုနေရတာကနေ ရုန်းထွက်ချင်ပါတယ်။ ဒါဆိုရင် သတ္တုတူးဖော်ရေး သက်သက်ထက် ပိုတွေးဖို့ လိုပါတယ်။ သတ္တုတွင်းထိန်းချုပ်မှုကနေစပြီး သယ်ယူပို့ဆောင်ရေး၊ သန့်စင်မှုနဲ့ ကုန်ထုတ်လုပ်မှုအထိ ကွင်းဆက်တခုလုံးကို ဖြေရှင်းရပါမယ်။
မြန်မာဟာ အိန္ဒိယအတွက် ချက်ချင်းလက်ငင်း အစားထိုးနိုင်တဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ မဟာဗျူဟာအရတော့ အရမ်းအရေးပါနေပါတယ်။ ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ လမ်းကြောင်းတွေ ဖောက်ဖို့ လိုပါတယ်။ ပြည်တွင်းမှာ သန့်စင်ထုတ်လုပ်နိုင်ဖို့ လိုပါတယ်။ တခြားနိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ ပိုအရေးကြီးလာပါတယ်။
ရည်ရွယ်ချက်က နိုင်ငံတနိုင်ငံကို မှီခိုနေရတာကို နောက်တနိုင်ငံနဲ့ အစားထိုးဖို့ မဟုတ်ပါဘူး။ အိန္ဒိယအနေနဲ့ အရင်းအမြစ်မျိုးစုံ ရရှိဖို့သာ ဖြစ်ပါတယ်။ လမ်းကြောင်းမျိုးစုံ ရှိဖို့လိုပါတယ်။ ပြည်တွင်းထုတ်လုပ်နိုင်စွမ်း ရှိရပါမယ်။ လုံလောက်တဲ့ သံတမန်ရေး ကျွမ်းကျင်မှုလည်း ရှိရပါမယ်။ ဒီလို ခိုင်မာတဲ့ ထောက်ပံ့ရေးကွင်းဆက်တခုလုံးကို တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။
ဆော်ရာရှစ် ဂို့ရှ်
Ref: The Telegraph India











