
စစ်ကိုင်းတိုင်း ကသာနယ်၊ အင်းရွာတိုက်နယ်က စစ်အာဏာရှင်တပ်တွေဟာ ကချင်ပြည်နယ်စပ် ၅ လမ်းဆုံအနီးအထိရောက်နေပြီပြီး ကသာနဲ့ မဘိမ်းမြို့ကြားက ငါးအိုးရွာမှာ စစ်ကား ၅၀ ကျော် ရောက်ရှိ အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့ကို ဧပြီ ၃၀ ရက်မှာ စစ်တပ်က ပြန်လည်သိမ်းယူခဲ့ပြီး မေ ၅ ရက်မှာ အင်းတော် မြို့နယ်ထဲက မော်လူးမြို့ကို ဆက်လက်သိမ်းယူထားတာပါ။
စစ်တပ်က အင်အားထောင်ချီအသုံးပြုပြီး ထီးချိုင့်-ကသာလမ်းကနေ စစ်ကြောင်းတခု၊ တကောင်း ဘက်ကနေ စစ်ကြောင်းတခုနဲ့ ထီးချိုင့်-ကသာ-ဗန်းမော်လမ်းတလျှောက် စစ်ကိုင်းတိုင်းအထက်ပိုင်း ကို မတ်လလယ်ပိုင်းကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ထီးချိုင့်-ကသာဘက်ကလာတဲ့ စစ်ကြောင်းဟာ အင်းတော်မြို့နယ်ကို ဆက်ထိန်းချုပ်ထားသလို တကောင်းဘက်ကလာပြီး ကသာမြို့နယ်၊ အင်းရွာတိုက်နယ်ဘက်ကို ရောက်နေတဲ့ စစ်ကြောင်း ကတော့ ကချင်ပြည်နယ်စပ် ၅ လမ်းဆုံနားအထိရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတယောက်က "ကသာဘက်ကလာတဲ့စစ်ကြောင်းက အခု အင်းတော်ဘက်ကို သွားတဲ့ဟာက ကချင်ပြည်နယ်ဘက်ကိုမထိုးဘဲနဲ့ အဲ့ဒီအင်းတော်တဝိုက်ကိုများ မွှေမလားမသိဘူး။ ကချင်ဘက်ကိုထိုးမှာကြတော့ ကျမအထင် တကောင်းဘက်ကလာတဲ့စစ်ကြောင်း အဲ့ဒါက အင်းရွာနယ် တဝိုက်မှာနေတယ်ပေါ့နော်၊ အဲ့ဒါက ရွာတွေမှာနေတယ်။ အစောပိုင်းက ပေလမ်းတို့ ကျွန်းတောကုန်းတို့၊ အခုက အဲ့ဒီ ပေလမ်း-ကျွန်းတောကုန်းကနေ အင်းရွာလမ်းခွဲဘက် ကားလမ်း တလျှောက် လမ်းမကြီးပေါ်ပေါ့၊ ရွှေကူကိုသွားမယ့်လမ်းကြောရယ်၊ အဲ့ဒီဘက်ကတော့ သွားမယ် ထင်တယ်၊ ကချင်ဘက်ကိုသွားမယ့်လမ်းကြောင်းက ဒီ အင်းတော်-မော်လူးဘက်ကသွားတဲ့ လမ်းကြောင်းထက်၊ ကသာနယ်ထဲမှာလတ်တလောရှိနေတဲ့ အင်းရွာတိုက်နယ်ကလမ်းကြောင်း၊ အဖွဲ့က ကချင်ဘက်ကိုသွားဖို့ သေချာသလောက်ဖြစ်တယ်ပေါ့။ ကချင်ပြည်နယ် ၅လမ်းဆုံနားအထိ ရောက်ပြီပေါ့ ကချင်အစပ်။ အခုလတ်တလော ကသာမြို့နယ် အင်းရွာတိုက်နယ်ဘက်မှာရှိတဲ့ စစ်ကြောင်းကတော့ သွားမှာသေချာတယ်။ သူက ငါးအိုးဘက်ကိုလည်း ကားအစီးရေများစွာပေါ့ ၅၀ ရဲ့အထက်ရောက်ထားတာရှိတယ်၊ ကားအကြီးအသေး။ ဆိုတော့ အဲ့ဒါကတော့ ကချင်ဘက်ကို သွား မှာ သေချာတယ်လို့တော့ ခန့်မှန်းရတာပေါ့”လို့ ပြောပါတယ်။
စစ်တပ်က မန္တလေးတိုင်း၊ တကောင်းမြို့ကို မတ်လဆန်းမှာ ပြန်သိမ်းပြီးနောက် စစ်ကိုင်းတိုင်း အထက်ပိုင်းက လက်လွှတ်ထားရတဲ့ မြို့တွေနဲ့ စခန်းတွေကို ဆက်တိုက်ပြန်သိမ်းနေတာပါ။
လတ်တလောမှာ ကချင်ပြည်နယ်စပ်အထိ ပြန်လည်ဖိအားပေးနေပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေအထိ ဦးတည်နေတာဖြစ်ပါတယ်။
စစ်တပ်ပြန်သိမ်းထားတဲ့ မန္တလေးတိုင်းထဲက မြို့နယ်တွေမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကို မန္တလေးနန်းတွင်းမှာ ပြန်အလင်းဝင်ကြဖို့ စစ်အာဏာရှင်က အတင်း ဖိအားပေးနေပါတယ်။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက "မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း ၃ မြို့နယ်လုံးမှာ စစ်ရှောင်ရင်းနဲ့ ပြန်ဝင်သွားတဲ့ပြည်သူတွေရော တချို့ရပ်ကျေး ပကဖတွေရှိတယ်၊ တချို့ရဲဘော်တွေ ရှိတယ်၊ ၃ မြို့နယ်လုံးမှာ ပြန်ဝင်သွားတဲ့သူတွေအားလုံးကို နောက်ထပ်တချီစစ်မှုထမ်းဖို့ဆိုပြီးတော့ မန္တလေးနန်းတွင်းထဲကိုခေါ်နေတာရှိတယ် အကြမ်းဖက်ဖမ်းဆီးပြီးတော့။ 'မန္တလေးနန်းတွင်းထဲကို ကတိဝန်ခံနဲ့ PDF တွေအလင်းဝင်' ဆိုတဲ့ ဝါဒဖြန့်မှုမှာ ပါဝင်မပြီးတော့လက်မှတ်ထိုးရင်ထိုး မထိုးဘူးဆိုရင် တဦးကို ငွေသိန်းတရာပေးရမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခေါ်ဆိုနေတာတွေ လည်းရှိပါတယ်။ ကျနော်တို့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း ၃ မြို့နယ်လုံးပါဗျ၊ နောက်တချက် ကတော့ ကျနော်တို့ မတ္တရာမြို့နယ်မှာ ကျနော်တို့စိုးမိုးစဉ်ကာလတုန်းက ဒလန်စာရင်းသတ်မှတ် ထား တဲ့သူတွေက ကျနော်တို့ဆီမှာ ကတိဝန်ခံလက်မှတ်ထိုးထားတယ်၊ အခု စကစ ပြန်လည် စိုးမိုးတဲ့အခါမှာ သူတို့တွေက အုပ်ချုပ်ရေးမှူးတွေလုပ်ပြီးတော့ တော်လှန်ရေးနဲ့ဆက်နွယ်သူတွေကို အကြမ်းဖက်လိုက်လံဖမ်းဆီးနေတာတွေ လောလောဆယ် မတ္တရာမြို့နယ်မှာ တမြို့နယ်လုံးနီးပါး ရှိနေပါတယ်။"
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေက လမ်းပိုင်းတွေ အားလုံးကုန်စည်စီးဆင်းရေးအတွက် ပြန်ဖွင့်လှစ်ထားပြီလို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေက ဆက်တိုက်သတင်းထုတ်လွှင့်နေတာပါ။
မြေပြင်မှာ သူတို့မီးရှို့ဖျက်ဆီးထားတဲ့နေအိမ်တွေကို ပြန်ဆောက်ရာမှာ ကူညီငွေတွေပြန်ပေးဖို့၊ ဆေးရုံ-ဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ လုပ်ငန်းတွေလည်း ဆက်တိုက် ဆောင်ရွက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပြန်ခန့်အပ်ပြီး သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေ ပြန်အသက်ဝင်ဖို့လည်း ဖိအားပေးနေတယ်လို့ သိရပါတယ်။










