
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီး၊ မော်ဝမ်းကလေးတွေဘက်မှာ ဧပြီ ၃ ရက်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“မော်ဝမ်းကြီး၊ မော်ဝမ်းကလေးဘက်မှာ ချနေကြတယ်။ တိုက်ပွဲပြင်းထန်တဲ့ပုံပဲ။ စစ်တပ်ကလည်း လေယာဉ်လာကြဲတာ ၂ ခေါက်ရှိပြီ။ မနေ့ကလည်း အဲ့လိုပဲ တပ်စခန်းတွေ လက်လွှတ်လိုက်ရတော့ လေယာဉ်နဲ့ ၇ ကြိမ်လာကြဲတာ။ ဇယ်ဇင်းဘက် ကြဲတော့ ပြည်သူတယောက် သေတယ်။ ထိတာ ၅ ယောက်လောက်ရှိတယ်။”
မော်ဝမ်းကျေးရွာအုပ်စု အင်မားဘွမ့်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)နဲ့ သင်္ချိုင်းကုန်းတလျှောက် နေရာယူထားတဲ့ စစ်တပ်စခန်း ၃ ခုကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီးနောက် မော်ဝမ်းကြီး မော်ဝမ်းကလေးဘက် တိုက်ပွဲဆက်လက် ပြင်းထန်နေတာဖြစ်ပါတယ်။
ဖားကန့်မှာ တလကျော်လောက် တိုက်ပွဲငြိမ်သက်နေရာကနေ အင်းမာယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)နဲ့ သင်္ချိုင်းကုန်းတလျှောက်မှာ စစ်ကြောင်းထိုးနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဧပြီ ၁ ရက် ညနေပိုင်းကစပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြန်ဖြစ်နေတာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်စခန်း ၃ နေရာကို သိမ်းပိုက်ရရှိခဲ့တဲ့အပြင် တိုက်ပွဲအတွင်း စစ်တပ်ဘက်ကနေ ထိခိုက်သေဆုံးမှုများတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ကချင် ရှေ့တန်းသတင်းရင်းမြစ်တယောက်က “တိုက်ပွဲက ဧပြီ ၁ ရက်နေ့ ညက စတာ။ ၂ ရက်နေ့ မနက်ပိုင်းမှာ သိမ်းလိုက်တာ ကာကင်းစခန်းအသေးတွေအပါအဝင် တပ်စခန်း ၃ ခုပေါ့။ သင်္ချိုင်းကုန်း၊ အမှိုက်ပုံ၊ အင်မားယန် အဲ့ဒီမှာနေရာယူထားတဲ့ စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်တိုက်တာ။ ၂ ရက်နေ့ မနက်မှာ သိမ်းလိုက်နိုင်တယ်။”
တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့ အင်းမားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)ဘက်ကို ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဆယ်ဇင်းဘက်ကိုလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေဟာ ဖားကန့်မြို့မရပ်ကွက်၊ ကလပ်ကုန်းနဲ့ အင်မားယန်စတဲ့လူနေရပ်ကွက်တွေမှာ ကျမှန်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၆ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
KIA ပူးပေါင်းတပ်တွေ ပြန်ပြီး သိမ်းယူလိုက်တဲ့ စစ်တပ်စခန်း ၃ ခုဟာ ၂၀၂၅ ခုနှစ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်းဝင်ရောက်လာချိန် KIA ဘက်က လက်လွှတ်လိုက်ရတဲ့နေရာတွေ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ထဲမှာတော့ စစ်ကောင်စီတပ်က ဆိုင်းတောင်ကျေးရွာဘက်ကို ပြန်ပြီးထိန်းချုပ်နိုင်ဖို့ နှစ်ဆန်းပိုင်းကစပြီး ဖားကန့်မရှီကထောင် အနောက်ဘက်ခြမ်း ဆုတောင်းကုန်းရှိတဲ့ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေရာယူထားတာ ၃ လလောက် ကြာမြင့်လာပြီဖြစ်ပါတယ်။










