DVB Logo
Home
မြန်မာသတင်း
စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တွင် တိုက်ပွဲပြင်းထန်
DVB
·
November 10, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ် တွေက ပြောပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ မင်းချောင်းတံတားအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာကို ဦးတည်ပြီးတော့ စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တွေနဲ့ ပုဏ္ဏားကျွန်း ဆက်သွယ်ထားတဲ့ မင်းချောင်းတံတားနဲ့ ကွန်းတောင်ရွာအကြားမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေက နေ့တိုင်းရှိတယ်။ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မင်းချောင်း တံတားကျော်ပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်လာနေတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ။ စစ်တပ်ဘက်ကတော့ ကွန်းတောင်ရွာကို ထိန်းချုပ်နိုင်ဖို့ အင်အား ထောင်ချီသုံးပြီးတော့ ဦးတည်တိုက်ခိုက်နေတာ။ AA ဘက်ကလည်း အင်အားတွေ ဖြည့်တင်းပြီး မြေပြင်စစ်ကြောင်းတွေနဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေကို ဗျူဟာမြောက်သုံးပြီး တုံ့ပြန် တိုက်ခိုက်နေတာတွေ ရှိတယ်။”

၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးခဲ့တဲ့ စက်တင်ဘာ ၄ ရက် ထိုးစစ်နဲ့အတူ စစ်အာဏာရှင်တပ်က ကွန်းတောင်ရွာကို ပထမတကြိမ် ထိုးစစ်ဆင်ခဲ့ပေမဲ့ စစ်ဦးကျိုးခဲ့ပြီးနောက် အောက်တိုဘာ လကုန်ပိုင်းမှာ ဒုတိယအကြိမ် အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ဝါဘိုကျွန်းပတ်လည်နဲ့ ရွှေမင်းဂံရေတပ်အနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီစစ်မျက်နှာတွေမှာ အာရက္ခတပ်တော်ဘက်က စစ်ရေးအသာစီးနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ်ဘက်က တိုက်ပွဲတွင်း သေနတ်ပစ်ခတ်သံတွေ၊ လက်နက်ကြီး ပစ်ခတ်သံတွေနဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု နေ့တိုင်းရှိနေပြီး နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ ရာသီဥတု ဆိုးရွားနေတာကြောင့် ပစ်ခတ်သံတွေ မကြားရဘူးလို့ ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ် ဒေသမှာ နေထိုင်တဲ့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“တိုက်ပွဲသံက နေ့တိုင်းကြားနေရတာ။ စက်သေနတ်သံတွေ၊ လက်နက်ကြီးသံတွေနဲ့ ဂျက်ဖိုက်တာ တွေဆို နေ့တိုင်း လာဗုံးကြဲနေတာ။ အဓိကတော့ မင်းချောင်းတံတားလို့ခေါ်တဲ့ ဒေသအခေါ် အမြင့်ကျွန်းတံတား အနီးတဝိုက်ကနေ ပစ်ခတ်သံတွေ မနေ့က ညနေပိုင်းအထိ ကြားနေရတာ။ ဒီနေ့မနက်တော့ မိုးရွာလို့လား မသိဘူး။ မနက်ပိုင်းထိတော့ ငြိမ်နေကြတယ်။”

စစ်အာဏာရှင်တပ်ဟာ နိုဝင်ဘာ ၂၈ ရက်ကတည်းက မင်းချောင်းတံတားကို ဖြတ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ဒုတိယအကြိမ် ထိုးစစ်ဆင်နေတာဖြစ်ပြီး အထိအခိုက် များစွာ ရှိပေမဲ့လည်း ပြည်သူ့စစ်အင်အားတွေကို အဆက်မပြတ် ဖြည့်တင်းပြီး အသေခံ တိုက်ခိုက် နေတာကြောင့် တိုက်ပွဲက ပြင်းထန်နေကြတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ စစ်တွေစစ်မျက်နှာမှာ စစ်တပ်ဟာ စစ်တွေမြို့နယ်တွင်းက ပြည်သူ့စစ်မှုထမ်းအဖြစ် ဖမ်းဆီး သင်တန်ပေးထားတဲ့ မွတ်စလင် ပြည့်သူစစ်တွေကို ရှေ့တန်းမှာ အဓိကတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့လည်း ဆိုကြပါတယ်။

စစ်တွေမြို့ စစ်မျက်နှာတွေဖြစ်တဲ့ ကွန်းတောင်၊ ဝါဘိုကျွန်းပတ်ဝန်းကျင်၊ ရွှေမင်းဂံရေတပ်နဲ့ ငပြီကျွန်းပေါ်တို့မှာ တိုက်ပွဲတွေ ရှိနေပြီး နှစ်ဖက်လုံးက အင်အားတွေ ဆက်တိုက်ဖြည့်တင်းကာ တိုက်ခိုက်နေကြတာလို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013