
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၄၊ တပ်ရင်း ၃၆ အခြေစိုက်တဲ့ မိုးမိတ်မြို့နယ် ထဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့ နိုဝင်ဘာ ၄ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အထူးသဖြင့် မိုးမိတ်-မြစ်ဆုံလမ်းပိုင်းက ၇ မိုင်နဲ့ ၈ မိုင်ဝန်းကျင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ် က မန္တလေးဘက်ကနေ စစ်အင်အားတွေ ပို့ဆောင်ကာ စစ်ရေးလှုပ်ရှားနေတာလို့ Laiza TV က နိုဝင်ဘာ ၅ ရက်မှာ ပြည်သူကို အသိပေးပါတယ်။
ဒါကြောင့် ခုခံတိုက်ပွဲတွေ ဆက်ရှိနေပြီး “စစ်တပ်က တိုက်ပွဲဖြစ်ရာကို လက်နက်ကြီး၊ ဒရုန်းသာမက ခြေလျင်နဲ့ပါ ထိုးစစ်ဆင်ပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲကူပေးနေတယ်” လို့ Laiza TV က ဖော်ပြ ပါတယ်။
တိုက်ပွဲတွေဟာ မြို့ပေါ်နဲ့အလှမ်းဝေးပေမဲ့ မြို့ပြင်ပတ်ဝန်းကျင်နဲ့ တိုက်ပွဲဖြစ်ရာ အနီးဝန်းကျင်က ဒေသတွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ စစ်ရေးတင်းမာမှုနဲ့အတူ စစ်အာဏာရှင် တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း ရွာခံတယောက်က ပြောပါတယ်။
မိုးမိတ်ဒေသခံတယောက်က “၇ မိုင်ကလည်း ခုထိ စစ်ရှောင်နေရတယ်။ သူတို့ကို ရွှေတောင်ဦး မြတ်စွာဘုရား ဓမ္မာရုံမှာ ထားတာ၊ သူတို့ရွာ ရှောင်ရတော့ စကစ က ဘာမှပေးမယူဘူး။ အလွတ် ရှောင်ခဲ့ရတာ။ မြို့က အလှူရှင်တွေက အဝတ်အထည် အစားအသောက် လှူပေးကြတယ်။ ရွာတွေမှာ စကစ က စခန်းချ တပ်ထိုင်တော့ အဲ့အနီးရွာက ပြည်သူတွေ ပိုဒုက္ခရောက်တယ်။ ကျင်းတူးပေးရ၊ ဘန်ကာဆောက်ပေးရ၊ တအိမ်တယောက် ဆင့်တယ်၊ သွားလုပ်ပေးရတယ်။ ယောက်ျားမရှိတဲ့အိမ်၊ မုဆိုးမအိမ်၊ အသက်အရွယ်ကြီးတဲ့အိမ်လည်း မလွတ်ဘူး၊ သွားကြရတယ်။ မသွားနိုင်ရင် လူငှားထည့်ရတယ် တရက် ၃၀,၀၀၀ နဲ့။ မန်ကျည်းပင်ရွာ၊ ကွမ်းတောအင်းရွာတွေမှာ တော်တော် ဆိုးတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရွှေမြင်တင်ဘုရား တောင်ဘက်တွေမှာ လက်ရှိ တိုက်ပွဲငြိမ်သက်နေပေမဲ့ စစ်တပ်က ရွာသားတွေကို နေရပ်ပြန်ခွင့်မပြုသေးတာကြောင့် ရင့်မှည့်နေတဲ့ စပါးတွေကို မရိတ်သိမ်းနိုင်ဘဲ တောင်သူတွေ အခက်ကြုံနေကြရပါတယ်။
အလားတူ တွင်းငယ်-မိုးမိတ်လမ်းပေါ်က မန်ကျည်းပင်ရွာမှာလည်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိနေပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးက သွားရောက်ညှိနှိုင်းမှသာ ပြန်လည်လွတ်မြောက်လာလေ့ရှိတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့နယ်ထဲမှာ စစ်အာဏာရှင်တပ်ရဲ့ ခမရ ၁၁၄၊ ခမရ ၁၁၅၊ ခမရ ၅၀၆ တပ်တွေ ပူးပေါင်း စစ်ရေးလှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။
စိုးသူအောင်











