
စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်လို့ ချင်းပြည်နယ်နဲ့ မကွေးတိုင်း၊ ယောအစပ်က ကျင်ဒွေးလမ်းကြောင်းနဲ့ ရွှေအောင်သာရွာ ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို မင်းတပ်နဲ့ ကန်ပက်လက်ဝန်းကျင်မှာလည်း စစ်ရေးတင်းမာနေပါတယ်။
စစ်အာဏာရှင်တပ်က ယောဒေသထဲကို လက်နက် ခဲယမ်း ရိက္ခာတွေအပြင် အတွဲလိုက်ဒုံးတွေ ပါဝင်တဲ့ ကားအစီးရေ ၂၀၀ ဝန်းကျင်ရောက်ရှိလာတဲ့ စက်တင်ဘာ နောက်ဆုံးပတ်ကစလို့ ချင်းပြည်နယ်ထဲက ကျင်ဒွေးမြို့ကို ထိုးစစ်ဆင်နေတာပါ။
ဒါကြောင့် နိုဝင်ဘာလဆန်းပိုင်းအထိ လောင်းရှည်-ကျင်ဒွေး လမ်းကြောင်းပေါ်က မဆာတွီနဲ့ မောချောင်းရွာတွေဝန်းကျင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က ဆွဲလွဲကျင်းရွာမှာလည်း လက်နက်ကြီး တပ်ဆင်ထားတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ အဆက်သွယ်ရှိတဲ့ ယောဒေသခံ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“စစ်ရေးအခြေအနေကတော့ ကျင်ဒွေးစစ်မျက်နှာပဲ ပြောလို့ရမှာပေါ့။ ဒီ ယောဘက်အနေနဲ့ ဆိုရင်တော့ ကြီးနဲ့ ရွှေအောင်သာကြားမှာပေါ့။ အဲဒီ ကျောက်ထုနဲ့ ထီးလင်းကြားမှာကတော့ ရှိနေပါတယ်ဗျ။ တိုက်ပွဲကတော့။ ကျင်ဒွေးကလည်း နေ့တိုင်းဖြစ်တယ်ဗျ တိုက်ပွဲကတော့လေ။ အင်အားကတော့ စဝင်ခါစကနေ သိသိသာသာ အင်အားဖြည့်တယ်။ ကားနဲ့ဖြည့်တာကတော့ ဒါ ၄ ကြိမ်မြောက် ဖြစ်သွားပြီပေါ့။ မနေ့ကအထိ။ ၂၄၊ ၂၅ ကနေလို့ ထွက်ခဲ့တာဗျ လောင်းရှည်မြို့ကနေလေ။ အဲဒါပြီးတော့မှ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အစပ် မဆွာတီဘက်ကို ရောက်တာက ၂၆ ရက်နေ့မှာ ရောက်တာပေါ့ဗျာ။ အဲဒါကနေမှ ထိတွေ့တိုက်ပွဲ ဖြစ်တော့တာပေါ့။”
ဒါ့အတူ စစ်တပ်က မင်းဘူးကတဆင့် လောင်းရှည်အခြေစိုက် ကပစ ၂၅ ဆီကို နိုဝင်ဘာ ၁ ရက်မှာ စစ်ကား ၂ စီးနဲ့ ထပ်မံပို့ဆောင်ခဲ့သလို ပေါက်မြို့နယ်ဘက်ကနေလည်း ကပစ ၂၄ ဆီကို စစ်ကား ၁၀ စီးလောက် ထပ်မံထွက်ခွာလာနေတယ်လို့ သိရပါတယ်။
စစ်တပ်က ဝင်ရောက်ချင်လို့ ထိုးစစ်ဆင်နေတဲ့ ကျောက်ထုနဲ့ ထီးလင်းကြားက ရွှေအောင်သာရွာအပြင် ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးနေရာတွေဟာ ချင်းပြည်နယ် တောင်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေဖြစ်တယ်လို့ သတင်းရင်းမြစ်နဲ့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က “ရခိုင်ကို သူတို့ဖြတ်တောက်တာပေါ့နော်။ ဒါပေမဲ့ စစ်ရေးရည်မှန်းချက်ကတော့ သူတို့ ပလက်ဝအထိ ရည်မှန်းချက်ရှိတယ်။ ကျင်ဒွေးကနေပြီး ကန်ပက်လက်ကိုတက်မယ် ဆိုရင်တော့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်က မအောင်မြင်နိုင်ဘူး။ အဲတော့ ကျင်ဒွေးကို ဖြတ်တောက်တဲ့ အနေအထားမျိုးပဲပေါ့နော်။ ဒါပေမဲ့ အဓိကတော့ ချင်းတောင်နဲ့ မကွေးတိုင်းကို လုံးဝ လက်နက်ခဲယမ်း အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေကို ပိတ်ဆို့တဲ့ လုပ်ရပ်တခုလို့ပဲ မြင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
ဒါ့အတူ စစ်တပ်က ယောနဲ့ ချင်းပြည်တောင်ပိုင်းနေရာတွေကို တရက်ခြားတကြိမ် လေကြောင်း ဗုံးကြဲနေသလို အသေခံဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်မှုကြောင့်လည်း ပြည်သူတွေ ထိခိုက်နေရပါတယ်။
ဒါကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ရှောင်နေရသလို ဆောင်းတွင်းဝင်ရောက်လာပြီဖြစ်လို့ အမိုးအကာ၊ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေပြီး တချို့နေရာတွေမှာ အရေပြားရောဂါတွေ စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စိုးသူအောင်











