
ကချင်ပြည်နယ်မှာ ၅ မြို့နယ်ထက်မနည်း စစ်အာဏာရှင်တပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ပုံမှန်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။
မိုးကောင်းမြို့၊ အင်ကြင်းကုန်းရွာအနီးမှာ စစ်အာဏာရှင်တပ်နဲ့ SNA ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတာကြောင့် KIA ပူးပေါင်းတပ်တွေက သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီး တပ်ဆုတ်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်စစ်ရေးသတင်းရင်းမြစ်တယောက်က “တိုက်ပွဲကတော့ ဩဂုတ် ၁၈ ရက် မနက်က မိုးကောင်းနယ်မြေထဲက အင်ကြင်းကုန်းရွာအနီးမှာ မနက်လင်းအားကြီးအချိန် ၄ နာရီလောက်က စစ်ကြောင်းထိုးလာတာ၊ မအလ အဖွဲ့တွေ။ သူတို့အဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်ပွားတော့ သူတို့အဖွဲ့တွေ အထိနာပြီး ဆုတ်ပြေးသွားတယ်။ အလောင်း ၃ လောင်း ရတယ်။ သေနတ် ၂ လက် ရတယ်။ ပြီးတော့ တခြား ပစ္စည်းတချို့ သိမ်းဆည်းရမိတယ်။ (စစ်–) တွေတော့ အလောင်း ၄ လောင်း သယ်သွားကြတယ်”လို့ ပြောပါတယ်။
မိုးကောင်းမြို့နယ်ထဲမှာရှိတဲ့ အင်ကြင်းကုန်းရွာမှာ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေ လနဲ့ချီ တပ်စွဲထားပြီး အရပ်သားတွေ ဖမ်းဆီးခံရတာ ရှိနေခဲ့သလို မိုးကောင်းမြို့နယ်အတွင်း ညမထွက်ရအမိန့်နဲ့အတူ ပေါ်တာဆွဲ ဖမ်းဆီးတာ ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ၂ နှစ်လောက် အကြာ စစ်ရှိန်ကြာမြင့်နေတဲ့ ဗန်းမော်မှာလည်း ဇူလိုင်လထဲကနေ စစ်တပ်ဘက်ကနေ KIA ပူးပေါင်းတပ်တွေရှိတဲ့ဘက်ကို တဖြည်းဖြည်း ဝင်ရောက်လာတဲ့အတွက် နေ့စဉ်ဆိုသလို အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ရှိနေပြီး စစ်အာဏာရှင်ဘက်က လေကြောင်းနဲ့ ရိက္ခာပို့ဆောင်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမော်ကတော့ လေယာဉ်နဲ့ လူချတာတော့ မရှိဘူး။ ရိက္ခာချတာလောက်ပဲ ရှိတယ်။ ရိက္ခာတွေ လေယာဉ်နဲ့ချတာလောက်ပဲ ရှိတယ်။ ရိက္ခာတော့ နေ့တိုင်း ချတယ်။ အထုပ်အရေအတွက်ကတော့ မသိဘူး။ တခါကျရင် ၆ ဘီးကား တစီးစာလောက်တော့ ရှိမယ်။ တထုပ်မှာ ပုံးအဝါ တပုံးစာ၊ တတွဲမှာ ၂ ထုပ်၊ တခါချရင် ၆ တွဲ၊ ၈ တွဲ အဲလိုချတာ ရှိတယ်။ တခါလာရင်ကို ခေါက်တုံ့ခေါက်ပြန် ၉ ခေါက်၊ ၁၀ ခေါက်လောက် ပတ်ပြီးမှ ချနေတာ ဟုတ်တယ်။ ဗန်းမော်ပတ်ဝန်းကျင်မှာကတော့ တိုက်ပွဲက ကြီးကြီးမားမားတော့ မရှိဘူး။ သူ ပစ်လိုက်၊ ကိုယ် ပစ်လိုက် ပုံမှန်ပစ်ခတ်မှုတွေက နေ့တိုင်းလိုလို ရှိနေတာ။”
လက်ရှိ ကချင်ဒေသထဲက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ဖားကန့်နဲ့ ခေါင်လန်ဖူး ဒေသတွေမှာ တိုက်ပွဲ အများဆုံးဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရွှေကူမြို့နယ်ထဲမှာ ဇူလိုင် ၃၁ ရက်နေ့ ရွှေကူနဲ့ ငအိုးကြားက စစ်အင်အား ၃၀ ဝန်းကျင် တပ်စွဲခြေကုပ်ယူထားတဲ့ ရွှေဘုန်းမြင့် ရှေ့တန်း စစ်တပ်စခန်းအကြီးတခုကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီနေရာကို ပြန်ရဖို့ စစ်တပ်က လေကြောင်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေကို တပ်မ ၉၉ နဲ့ ငအိုးအခြေစိုက်တပ်တွေ ဦးဆောင်နေပြီး ရွှေကူမြို့ထဲ ဝင်ရောက်ဖို့နဲ့ ဗန်းမော်နဲ့ စင်းခန်းဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာလို့ သုံးသပ်နေကြပါတယ်။











