
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ဆည်ကနေထွက်လာတဲ့ ချောင်းကတဆင့် ရေလျှံလာပြီး နေအိမ်နစ်မြုပ်တာ၊ စာသင်ကျောင်းတွေ ရေဝင်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေထံက သိရတယ်။
နိုဝင်ဘာ ၁၁ ရက်က လွိုင်နန်းဖ အိုအေစစ်စစ်ရှောင်စခန်းမှာ မိုးဆက်တိုက်ရွာရင်းကနေ ရေလျှံလာတာကြောင့် ရုတ်တရက်ရေကြီးပြီး ရွေ့ပြောင်းရတာဖြစ်ပြီး လက်ရှိမှာလည်း ကျောင်းပိတ်ထားရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ထွန်းမြန်မာဒိုနေရှင်းမှ ကိုဖိုးဇော်က ပြောပါတယ်။
“ရေထွက်ပေါက်က ထွက်လာတဲ့ချောင်း ရှိတယ်၊ ချောင်းကနေပြီးတော့ မိုးရေလျှံတာ၊ ရုတ်တရက်ကြီးတော့ စစ်ရှောင်စာသင်ကျောင်းကမြုပ်သွားတယ်၊ ပြီးတော့ အိမ် ၂ အိမ် ကနေ အိုးခွက်ပန်းကန်တွေ ပါသွားတယ်။ မွေးထားတဲ့ ကြက်တွေလည်း ပါသွားတယ်။”
စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၆ စုရှိပြီး ရုတ်တရက်ရေကြီးမှုကြောင့် ပစ္စည်းဆုံးရှုံးမှုရှိသလို ခုလက်ရှိအချိန်အထိ မိုးရွာသွန်းနေပြီး တခြားစစ်ရှောင်စခန်းတွေမှာလည်း ရေနစ်မြုပ်နိုင်ခြေရှိလို့ အခြေအနေစောင့်ကြည့်နေကြသူ၊ နေရာရွှေ့ပြောင်းသူတချို့လည်းရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးဆက်တိုက်ရွာတာတွေရှိနေပြီး ကရင်နီနဲ့ ထိစပ်တဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တွေမှာလည်း ရေနစ်မြုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေတဆင့် သိရပါတယ်။
ပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာ၊ ရေကြီးတာ၊ မြေပြိုတာတွေရှိနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက အသိပေးထားပါတယ်။











