
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတနေရာကို စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ပြီး အောက်တိုဘာ ၂၅ ရက် ဒီမနက်ပိုင်းမှာလည်း Suicide drone နဲ့ ဗုံးကြဲတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသားတယောက်က “ညကလေယာဥ်ကြဲ၊ မနက်ကျ suicide ဝင်လာတယ်။ ထိခိုက်မိတာတချို့ရှိနိုင်တယ်။ ဒီမနက် suicide နဲ့ ခဏခဏကြဲတာကြားတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့မှာ suicide drone အချိန်ကြာကြာဝဲပြီး ကင်းထောက်နေခဲ့ပြီးနောက် ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်သလို မနက်မှာလည်း ၄ ကြိမ်ထက်မနည်း ဗုံးကြဲတာဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ၂၀၂၆ နှစ်ဝက်လောက်စပြီး ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ မော်ချီးနဲ့ မိုးဗြဲမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာ၊ စစ်ကြောင်းထိုးတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့သိရပါတယ်။
အခုတော့ ပွင့်လင်းရာသီဖြစ်လာတဲ့အတွက် စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းအန္တရာယ်ကို ပိုမိုသတိထားကြဖို့ကိုလည်း ပြည်သူအချင်းချင်း အသိပေးတာတွေရှိနေပါတယ်။
စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလထဲမှာ အရပ်သားပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။











