
လက်ရှိဖြစ်ပေါ်နေတဲ့ စူပါအယ်လ်နီညို ပြင်းထန်ရာသီဥတုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်စခန်းတွေက စစ်ရှောင်တွေ ဖျားနာနေကြသလို ဆေးဝါးလိုအပ်ချက်တွေလည်း များနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်းအတွင်းကို မြေပြင်ကော လေကြောင်းကနေပါ စစ်ကြောင်း ထိုးပြီး ပိုမိုဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသအများစုမှာ စစ်ရှောင်တွေ တိုးလာနေတဲ့အပြင် အယ်လ်နီညိုကြောင့် ရာသီဥတု ပူပြင်းလို့ စစ်ရှောင်တွေထဲဟာ ဖျားနာသူတွေ များလာနေတယ်လို့ ရွှေဘိုခရိုင်အတွင်း စစ်ရှောင်ကူညီနေသူတယောက်က DVB ကိုပြောပါတယ်။
"ရာသီဥတုက အရမ်းပူတယ်ဗျ။ မြေပြင်ကလည်း စစ်ကြောင်းတွေကဝင်တော့ ပြေးရရှောင်ရတဲ့ သူတွေက များနေတုန်းပဲ။ အခုစခန်းတွေမှာဆို လူကြီးတွေနဲ့ ကလေးတွေ ဖျားတာများလာတယ်။ အပူဖုတွေပေါက်တဲ့ သူတွေကောရှိတယ်။ အရေအတွက်က ပြောရခက်တယ်။ စစ်ရှောင်စခန်းတွေ က ပြန့်နေတာ၊ တချို့လည်း စစ်ကြောင်း ခုဝင်လို့ ခုပြေးရတာမျိုးရှိတော့ ဖျားနာသူစာရင်း အတိအကျသိဖို့ခက်တယ်။ ဒါပေမဲ့ ကျနော်တို့ ရောက်တဲ့စခန်းတွေမှာဆို ဖျားနာသူတွေ များနေတယ်။ တချို့သက်ကြီးရွယ်အိုတွေဆို ဘာမှကို မလုပ်နိုင်ဘူးပူလွန်းလို့၊"
ဒါ့အပြင် စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း ဆေးဝါးနဲ့ရိက္ခာသယ်ယူမှုတွေကို စစ်ဆေးမှု တင်းကျပ်ထားတာကြောင့် အခက်ခဲတွေရှိနေတယ်လို့ သူကပြောပါတယ်။
ယင်းမာပင်၊ ကနီနဲ့ ဘုတလင်မြို့နယ်တွေထဲက စစ်ဘေးရှောင်နေရာတွေမှာလည်း ရာသီဥတု ပူပြင်းတာကြောင့် ဖျားနာသူတချို့ရှိနေတယ်လို့ ယင်းမာပင်မြို့နယ်တွင်း စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။
"အမိုးအကာ အလုံလောက်မရှိတာ။ တခါလေ စစ်ရှောင်စခန်းတွေကို ဒရုန်းနဲ့လာကြဲတာတို့၊ မြေပြင် ကဝင်လာတာတို့ဆို ဘာမှမယူနိုင်ဘူး။ စစ်တပ်က အကုန်မီးရှို့ဖျက်ဆီးပစ်တာ။ လိုအပ်ချက်တွေ ကတော့ နေရာတိုင်းမှာရှိနေတာပဲ။ အပူကြောင့် ဖျားနာသူတွေကိုတော့ ရဲဘော်တွေရဲ့ ဆေးပေးခန်း တွေကနေ ဆေးဝါးတို့ ဓာတ်ဆားတို့ ကူညီပေးတာတွေရှိတယ်။ လုံလောက်မှုကတော့ မရှိဘူးပေါ့။"
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာတော့ စစ်ရှောင်ကူညီသူတွေနဲ့ တော်လှန်ရေးအင်အားစု တွေက အပူကြောင့် ကြုံတွေ့လာနိုင်တဲ့ ကျန်းမာရေးပြသနာတွေနဲ့ ပတ်သက်လို့ အသိပညာပေးတာ တွေ ရှိနေပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ရဲ့ ထုတ်ပြန်ချက်တွေအရ စူပါအယ်လ်နီညိုဟာ ၂၀၂၆ စက်တင်ဘာကနေစတင်ပြီး ၂၀၂၇ ဖေဖော်ဝါရီအထိ ဖြစ်ပေါ်နိုင်ပြီး အခုနှစ်ကုန်ပိုင်းမှာ အယ်လ်နီညိုဟာ အမြင့်ဆုံးရောက်နိုင်တယ်လို့ ဆိုထားပါတယ်။
စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာတဝန်းက လူဦးရေ ၄ သိန်းခွဲကျော် သေဆုံးနိုင်ပြီး သေဆုံးမှု အများဆုံးဖြစ်နိုင်တဲ့ စာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၅၀ မှာ ပါဝင်နေတယ်လို့ ဖော်ပြ ထားပါတယ်။











