DVB Logo
Home
မြန်မာသတင်း
ကချင် စစ်ရှောင်စခန်းကို မတိုက်ဟု စစ်ကောင်စီ ငြင်းဆို၊ ကယ်ဆယ်ရေးလုပ်စဉ် ဆက်ပစ်နေ
DVB
·
October 10, 2023
ကချင် စစ်ရှောင်စခန်းကို မတိုက်ဟု စစ်ကောင်စီ ငြင်းဆို၊ ကယ်ဆယ်ရေးလုပ်စဉ် ဆက်ပစ်နေ
1 / 3
Donate to DVB

ကေအိုင်အေ ဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို သူတို့ တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းလိုက်ပါတယ်။

စစ်ကောင်စီဩဇာခံ ဝါဒဖြန့်မီဒီယာတွေကနေ ပြောဆိုတာဖြစ်ပြီး ဒီအပေါ်မှာ စုံစမ်းနေတုန်းပဲလို့ ပြောပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒီလိုင်ဇာသတင်းနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ တခုက ကျနော်တို့အနေနဲ့က နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ကျနော်တို့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီ နယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ည သန်းခေါင် အချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်လို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ဆိုတာ ဖြစ်နိုင်သလားဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျနော်တို့ပြောခဲ့ပြီး ဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ မည့်သည့်ဌာနချုပ်ကို မဆို ပစ်ခတ်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်။ သို့သော်ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ဘူးဆိုတာကို ကျနော်တို့ ပြောပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ လိုင်ဇာဌာနချုပ်နဲ့ ၂ မိုင်လောက်ဝေးတဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးတွေ အပါအဝင် လူအယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲဒီမှာလည်း သတင်းအမျိုးမျိုး ပြောကြတာပေါ့လေ။ အဲဒီ အဖွဲ့အစည်းကိုယ်တိုင်က သတင်းအမျိုးမျိုး ပြောနေတာရှိတယ်။ စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်တယ်။ တချို့လည်း လက်နက်ကြီးနဲ့ ပစ်ခတ်တယ် ဆိုတာမျိုး ဒါ မတိမကျ ပြောနေတာမျိုးရှိတယ်။ ကျနော် အတိအကျ ပြောနိုင်တာတခုကတော့ အဲဒီနေရာပေါ့၊ ခုနေရာသည် ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နေရာသည် ကေအိုင်အေအနေနဲ့ မောင်းသူမဲ့လေယာဉ်တွေ သုံးပြီးတော့ တပ်မတော် စခန်းတွေကို Drop ဗုံးလာချတဲ့နေရာ၊ စစ်ကြောင်းတွေပေါ်ကို Drop ဗုံးလာချတဲ့နေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်။ ဒီပေါက်ကွဲမှုသည် ဘာကြောင့်ဖြစ်ခဲ့တယ် ဆိုတာတော့ ကျနော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အရင်တုန်းကလည်း လိုင်ဇာအနီးမှာ ကေအိုင်အေရဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံတခု ပေါက်ကွဲခဲ့ဖူးတယ်လို့  ပြောပြီး အခုလည်း Drop ဗုံးတွေ သိုလှောင်တဲ့နေရာ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ စစ်တပ်ဘက်က သုံးသပ်ပြီး မြေပြင်သတင်းကိုတော့ စုံစမ်းနေဆဲပဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မုန်လိုင်ခတ် စစ်ရှောင်စခန်းကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်စခန်းတခုလုံး ပျက်စီးသွားပြီး သေဆုံးသူ ၂၉ ဦးအထိရှိကာ ဆေးကုသမှု ခံယူနေရသူ စုစုပေါင်း ၄၄ ဦး ရှိတယ်လို့  ကချင် သတင်းရင်းမြစ်က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီး အခု ကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေး လုပ်ဆောင်နေစဥ်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ဆက်လက်ပစ်ခတ်နေဆဲဖြစ်ပြီး အများပြည်သူတွေ စိုးရိမ်မှု မြင့်တက်နေပါတယ်။

မုန်လိုင်ခက်ရွာဟာ သက်တမ်း ၄၀ ကျော်ရှိပြီး အဆိုပါစစ်ရှောင်စခန်းမှာတော့ ဒေသတွင်းက စစ်ရှောင်ပြည်သူ ၅၀၀ ကျော် နေထိုင်ကြတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “မထင်မှတ်ထားတဲ့အချိန်ပေါ့နော့၊ အဲ့လိုတိုက်ခိုက်တဲ့အခါကျတော့ ဘာမှမသိတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အများစု သေဆုံးသွားကြတယ်။ အခု တနာရီခွဲတဲ့အထိလည်း လက်နက်ကြီးတွေက ပစ်နေတုန်းပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီ သတင်းနဲ့ပြန်ကြားရေး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကောင်စီဟာ နယ်စပ်ဒေသလုံခြုံရေးကို အလေးထား ဆောင်ရွက်နေပြီး ၎င်းတို့ဘက်က အခုလိုတိုက်ခိုက်ခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပေမဲ့ မြေပြင်မှာတော့ လက်ရှိအချိန်ထိ ပစ်ခတ်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

အရင်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါနဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ စတဲ့နေရာတွေမှာ အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီက လေကြောင်းကနေ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ အလားတူ ကျူးလွန်ခဲ့ဖူးပေမဲ့ စစ်ကောင်စီက ဝန်ခံလေ့မ ရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013