DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ကုန်တိုက် ပစ်ခတ်မှုတွင် မြန်မာအမျိုးသမီး ၁ ဦးသေဆုံး 
DVB
·
October 4, 2023
ဘန်ကောက်ကုန်တိုက် ပစ်ခတ်မှုတွင် မြန်မာအမျိုးသမီး ၁ ဦးသေဆုံး 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပထုမ်းဝမ်းနယ်မြေ၊ ဆယမ်ပါရာဂွန် (Siam Paragon) ကုန်တိုက်ကြီးမှာ အောက်တိုဘာ ၃ ရက် ညနေပိုင်းက ပစ်ခတ်မှုအတွင်း   ၂ ယောက် သေဆုံးသွားရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတယောက်လည်း ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အဆိုပါအမျိုးသမီးအမည်ဟာ အသက် ၃၀ ဝန်းကျင်ရှိ မမိုးမြင့်ဖြစ်ပြီး ကုန်တိုက်ထဲမှာ ဈေးရောင်းအကူလုပ်နေသူဖြစ်ကြောင်း ညနေပိုင်းမှာ ကုန်တိုက်က ATM စက်မှာ ငွေသွားလွှဲရင်း အပစ်ခံရတာလို့  အလုပ်ရှင်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။ 

မနေ့က ခရီးသွားနေတုန်း သူ့ဆီကို အမျိုးသားတယောက်က ဖုန်းဆက်လာကြောင်း၊ ဒီဖုန်းပိုင်ရှင်ဟာ သေနတ်ပစ်ခံရတယ်၊ ဆွေမျိုးတွေ အမြန်ဆုံးလာကြပါလို့ ပြောပြီး ဖုန်းချသွားတော့ သူလည်း တခြားခရိုင်ကနေ ချက်ချင်းရောက်လာတယ်လို့  အလုပ်ရှင်က ပြောပါတယ်။ 

သေဆုံးသွားတဲ့ သူ့ရဲ့ မြန်မာအလုပ်သမားဟာ အလုပ်ကြိုးစားတယ်၊ ထိုင်း၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ် ၄ ဘာသာ ပြောဆိုတတ်တယ်၊ မိဘကို လစဉ်ဘတ်ငွေ ၁၀,၀၀၀ အမြဲပြန်ပို့တယ်၊ အခုလို လိမ္မာတဲ့ အလုပ်သမား ဆုံးရှုံးရတဲ့အတွက် အလွန်နှမြောတယ်၊ ပစ်ခတ်မှု ကျူးလွန်သူဟာ အရွယ်မရောက်သေးတဲ့ လူငယ်ဖြစ်ပေမယ့် ခွင့်မလွှတ်နိုင်ကြောင်း၊ တရားဥပဒေအရ ထိရောက်စွာအရေးယူမယ်လို့  အလုပ်ရှင်က ပြောပါတယ်။ 

မနေ့ ည ၁၁ နာရီလောက်မှာ အလုပ်ရှင်ဟာ ပထုမ်းဝမ်းနယ်မြေရဲစခန်းမှာ လာရောက်တိုင်ချက်ဖွင့်ထားပြီး သေဆုံးသူရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ တောင်းဆိုပေးသွားမှာ ဖြစ်သလို သူ့အနေနဲ့လည်း အလုပ်သမား မသေခင်က မိဘတွေဆီ တလဘတ် ၁၀၀၀၀ ပို့ပေးတဲ့အတိုင်း ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။ 

ရဲဆေးရုံအုပ်ကြီးကလည်း မမိုးမြင့်ဟာ သူတို့ဆေးရုံကို ရောက်လာတုန်းက အသက်ရှင် နေဆဲဖြစ်ပြီး ဆေးရုံအနေနဲ့ အချိန် ၁ နာရီကြာ အသက်ကို လုယူနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပေမဲ့ ဒဏ်ရာက ပြင်းထန်တဲ့အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့  သေဆုံးသူရဲ့  ဆွေမျိုးသားချင်းတွေကို ပြောပါတယ်။ 

ဆယမ်ပါရာဂွန်ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် ဆေးကုသခ ကုန်ကျစရိတ်အားလုံးကို ထိုင်းဘုရင်ကြီးရဲ့ မဟာကရုဏာဖောင်ဒေးရှင်းကနေ အကုန်အကျခံပေးတယ်၊ ဘာမှ စိတ်ပူစရာမလို၊ သေဆုံးရသူတွေအတွက်တော့ ဝမ်းနည်းပါကြောင်း ရဲဆေးရုံအုပ်ကြီးက ပြောသွားပါတယ်။ 

သေဆုံးသူ မြန်မာအမျိုးသမီးအလောင်းကို ဓလေ့ထုံးစံအတိုင်းသင်္ဂြိုဟ်ဖို့ ဆွေမျိုးတွေက လာရောက် သယ်ဆောင်သွားပြီလို့ ဆိုပါတယ်။

မနေ့ ညနေက ပစ်ခတ်မှုမှာ အဆိုပါ မြန်မာအမျိုးသမီးအပြင် အသက် ၃၄ နှစ်ရွယ် ကျောက်ကျင်နန်ဆိုသူ တရုတ်အမျိုးသမီးတစ်ဦးပါ သေဆုံးခဲ့ရပါတယ်။ တရုတ်အမျိုးသမီးဟာ အမြွှာကလေးငယ်ရဲ့ မိခင်ဖြစ်ပြီး  အခင်းဖြစ်တဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ 

အခင်းဖြစ်ပြီးမကြာခင် သေဆုံးသူ ၃ ဦး ၊ ဒဏ်ရာရသူ ၃ ဦးရှိတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ မနေ့ည ၇ နာရီ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ထုတ်ပြန်ပြောဆိုချက်မှာတော့ သေဆုံးသူ ၂ ဦး (တရုတ်အမျိုးသမီး ၁ ဦး၊ မြန်မာအမျိုးသမီး ၁ ဦး) နဲ့ ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ အတည်ပြုပါတယ်။

ဒဏ်ရာရသူတွေကတော့  ကုန်တိုက်လုံခြုံရေးအစောင့် ထိုင်းအမျိုးသား ၁ ဦး၊ အသက် ၃၀ ရွယ်နဲ့ ၅၀ ရွယ်ရှိ ထိုင်းအမျိုးသမီး ၂ ဦး၊ အသက် ၄၀ နှစ်ရွယ် တရုတ်ခရီးသွားဧည့်သည် အမျိုးသမီး ၁ ဦး၊  အသက် ၂၈ နှစ်ရွယ်ရှိ ကုန်တိုက်အလုပ်သမား လာအို အမျိုးသမီး ၁ ဦးတို့ ဖြစ်ပြီး ဒဏ်ရာရသူ ၅ ဦးထဲမှာ ၃ ဦးက ပြင်းထန် စိုးရိမ်ရတဲ့ အဆင့်ရှိတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှု ကျူးလွန်သူဟာ အသက် ၁၄ နှစ်ရွယ် ထိုင်းလူငယ်ဖြစ်ပြီး ၉-မမ ပစ္စတိုကို အသုံးပြုခဲ့တယ်၊ ဘာကြောင့်ပစ်သလဲလို့ တာဝန်ရှိသူတွေက မေးရာမှာ သူက တစုံတယောက်က သူ့ကို ပစ်ခိုင်းတဲ့အသံ နားထဲမှာ ကြားနေရလို့ ပစ်လိုက်တာလို့ ပြောပါတယ်။ 

ရဲတွေက လူငယ်ရဲ့အခန်းကို သွားရောက်စစ်ဆေးရာမှာ နောက်ထပ် သေနတ်ကျည်ဆန် ၂ တောင့်ပါ တွေ့ခဲ့ပြီး သူဟာ ကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ပစ္စတိုကို အွန်လိုင်းကနေ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ 

ပစ်ခတ်ခဲ့တဲ့ လူငယ်ဟာ လူကုံထံအသိုင်းအဝိုင်းက ဖြစ်ကာ နာမည်ကြီး ပုဂ္ဂလိကကျောင်းတကျောင်းမှာ ပညာသင်ကြားနေကြောင်း၊ မိဘနဲ့ အတူမနေဘဲ သူ့ဘာသာသူ အခန်းငှားနေပြီး ဂိမ်းကိုလည်း ခုံမင်စွဲလမ်းစွာ ကစားတယ်။ ပြစ်မှု မကျူးလွန်ခင်က သူ သုံးတဲ့သေနတ်ကို ဓာတ်ပုံရိုက်ပြီး ချက်ဘောက်စ်ကနေ သူငယ်ချင်းဆီ ပို့ပေးခဲ့သေးတယ်။ သူဟာ  ရာ့ချ်ဝိထီစိတ်ဆေးရုံမှာ ဆေးကုသခဲ့ဖူးတဲ့ရာဇဝင်ရှိပြီး ဆရာဝန် ညွှန်ကြားတဲ့ဆေး ပုံမှန်မသောက်ဘူးလို့ ဆိုပါတယ်။

လူငယ်ရဲ့ မိဘအုပ်ထိန်းသူတွေကတော့ မီဒီယာတွေမှာ ထွက်လာပြီး ပြောဆိုတာတွေ မရှိသေးပါဘူး။

မနေ့ညက အခင်းဖြစ်တဲ့နေရာကို အသစ်တက်လာတဲ့ ထိုင်းအမျိုးသားရဲချုပ်ကြီး သော်နဲ့ ဝန်ကြီးချုပ် ဆေထာထဝီးဆင်တို့က လာရောက်စစ်ဆေးပြီး လိုအပ်တာတွေ ညွှန်ကြားခဲ့ပါတယ်။ သေဆုံးဒဏ်ရာရ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ တရုတ်သံရုံးကိုလည်း အကြောင်းကြားခဲ့ပါတယ်။ 

Source-TNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013