ရွှေမင်းဝန်ဘုရားပွဲ ပစ်ခတ်မှုတွင် ၆ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကျောက်ဆောက်ကျေးရွာရှိ ရွှေမင်းဝန်ဘုရားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၆ ယောက် သေဆုံးပြီး နောက်ထပ် ၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူ ၂ ယောက်က ဘုရားပွဲအတွင်းကို ပစ်ခတ်ခဲ့တာကြောင့် ပွဲလာရောက်ကြည့်ရှုနေတဲ့ အရပ်သား ၆ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၆ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပစ်ခတ်မှုဖြစ်ပြီး ညတွင်းချင်းမှာပဲ ၆ ယောက် သေဆုံးသွားတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ၆ ယောက်ရှိတယ်။ စိုးရိမ်ရတဲ့သူတွေလည်း ပါတယ်။ ပွဲခင်းထဲကို လှမ်းပစ်သွားတာ” လို့ ပြောပါတယ်။
ပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ လတ်တလော အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကတော့ PDF တွေ ပစ်ခတ်တာ ဖြစ်တယ်လို့ စွပ်စွဲပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။











