
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မြို့နယ်ပါတီဝင် တယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၇ ရက် မနက် ၇ နာရီခွဲလောက်မှာ ဂုံညှင်းတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးကျော်ဌေးဟာ နေအိမ်မှာ ရှိနေချိန် အမည်မသိ အမျိုးသား ၆ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ နေအိမ်ရှေ့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဦးကျော်ဌေးကို နေအိမ်အတွင်းကနေ အပြင်ထွက်လာဖို့ ခေါ်ယူပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်ရှေ့မှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတယောက်က "ဦးကျော်ဌေးက ဂုံညှင်းတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သလို ပြည်ခိုင်ဖြိုးပါတီရဲ့ မြို့နယ်ပါတီဝင်လည်း ဖြစ်ပါတယ်။ သူ့နေအိမ်မှာပဲ ပစ်ခတ်ခံရတာ ဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားတာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် ပစ်ခတ်မှု ဖြစ်စဉ်အတွင်း သေဆုံးသူ ဦးကျော်ဌေးရဲ့ လက်ကိုင်ဖုန်း ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီးကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဦးကျော်ဌေးကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ နိုဝင်ဘာလ ၈ ရက် ညနေပိုင်းအထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။











