
ပိုလန်နိုင်ငံ၊ ကရာကော့ဖ်မြို့မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၆ ယောက် သေဆုံးစေခဲ့တဲ့ သေနတ်သမားဟာ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
နိုဝင်ဘာ ၉ ရက် မနက်အစောပိုင်းက ဆေးရုံမှာတင် သံသယရှိသူ သေဆုံးသွားခဲ့တာလို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
အသက် ၂၄ နှစ်အရွယ် ကျူးလွန်သူ အမျိုးသားဟာ “လက်ယာစွန်း အယူဝါဒတွေ” ရဲ့ လွှမ်းမိုးခံထားရပုံပေါ်တယ် ဆိုပေမဲ့လည်း နာမည်အတိအကျကိုတော့ တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
နိုဝင်ဘာ ၇ ရက်တုန်းက ကရာကော့ဖ်မြို့ရဲ့ စျေးရင်ပြင်နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၁၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအခင်းဖြစ်ပွားရာကို လက်နက်ကိုင်ရဲတပ်ဖွဲ့က အလျင်အမြန် ရောက်လာခဲ့သလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားချိန်မှာလည်း ၃ မိနစ်အတွင်း သေနတ်သမားနဲ့အတူ ရဲအရာရှိ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်ကတော့ သံသယရှိသူနေအိမ်ထဲ ဝင်ရောက်စစ်ဆေးခဲ့ရာမှာ သူ့မိဘ ၂ ပါးနဲ့ ညီမဖြစ်သူရဲ့ ရုပ်အလောင်း ၃ လောင်းကိုပါ တွေ့ရတဲ့အကြောင်း အတည်ပြုပါတယ်။
အဲဒီနောက် ကရာကော့ဖ်မြို့ကိုပါ ရောက်လာခဲ့တဲ့ တပ်စ်ခ်က “အခုချိန်အထိ ပိုလန်နိုင်ငံမှာ ဒီလောက်ဆိုးရွား ပြင်းထန်တဲ့ အကြမ်းဖက်မှုမျိုး မကြုံခဲ့ဖူးဘူး” ဆိုပြီး မှတ်ချက်ပေးပါတယ်။
အခုလိုမျိုး ပိုလန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အလျောက် ၂ ရက်တာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ကရာကော့ဖ် မြို့လယ်ခေါင်က လူစည်ကားလှတဲ့ စျေးရင်ပြင်နေရာမှာ လုံခြုံရေး အတားအဆီးတွေကို ဖယ်ရှားပြီး နိုဝင်ဘာ ၈ ရက်မှာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရပါတယ်။
Source: Reuters











