DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများ ပိုမိုများပြားလာဟု ကုလပြော 
DVB
·
August 10, 2023
မြန်မာစစ်တပ် ကျူးလွန်သည့် စစ်ရာဇ၀တ်မှုများ ပိုမိုများပြားလာဟု ကုလပြော 
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ် ကျူးလွန်တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် စစ်ရာဇ၀တ်မှုတွေ မြင့်တက်လာပြီး  ခိုင်မာတဲ့သက်သေ အထောက်အထားတွေရရှိထားတယ်လို့ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက သြဂုတ် ၈ ရက်မှာ ပြောကြားပါတယ်။

ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ (IIMM) က အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပြီး  မြန်မာစစ်တပ်နဲ့အတူ ဆက်နွှယ်မှုရှိတဲ့ ပြည်သူ့စစ်တွေဟာလည်း မကြာခဏ ပြောင်ပြောင်တင်းတင်း စစ်ရာဇဝတ်ကျူးလွန်မှုတွေ များပြားလာတဲ့အပေါ်မှာ အထောက်အထား ရရှိထားတယ်လို့ဆိုပါတယ်။ 

ဒီလို ကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့အတွက် အမှုတည်ဆောက်နေတယ် ဆိုပြီး ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေက ဖြည့်စွက်ပြောပါတယ်။

အဲဒီထဲမှာ ကျောသား ၊ ရင်သား မခွဲခြားတဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အပါအဝင် ကျေးရွာတွေကို မီးတင်ရှို့မှု၊ အရပ်သားတွေနဲ့အတူ အဖမ်းခံထားရတဲ့ တော်လှန်ရေးသမားတွေကိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တင်ပြထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်ကတည်းက အပြင်းထန်ဆုံး နိုင်ငံတကာရာဇဝတ်မှု လက္ခဏာဆောင်တဲ့ ဖြစ်ရပ်အရေအတွကမြင့်မားလာတယ်လို့ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဆုံးရှုံးနေရတဲ့ အသက်တာတိုင်းအတွက် ကြေကွဲဝမ်းနည်းရပါတယ်၊ အထူးသဖြင့် ဝေဟင်ကနေ ဗုံးကြဲမှုတွေနဲ့ ရွာမီးရှို့မှုတွေကတော့ တကယ်ကို တုန်လှုပ်စရာပါပဲလို့ IIMM အကြီးအကဲဖြစ်သူ နီကိုးလပ်စ်ကွန်ဂျန်းက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ 

“မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်တွေမှုနဲ့ စစ်ရာဇဝတ်မှုတွေ အပါအဝင်အရပ်သားတွေအပေါ် ကျယ်ပြန့်စွာ စနစ်တကျ တိုက်ခိုက်မှုတွေ သိသိသာသာ တိုးပွားလာတာကို ကျနော်တို့ရဲ့ သက်သေတွေက ထောက်ပြထားပါတယ်။ ဒါတွေကို ကျူးလွန်ခဲ့တဲ့ တစ်ဦး တစ်ယောက်ချင်းစီအနေနဲ့ တာဝန်ခံမှုရှိစေဖို့အတွက် တရားရုံးတွေမှာ အသုံးချနိုင်မယ့် အမှုတွဲတွေကိုပါ တည်ဆောက်နေပါတယ်။” 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)နဲ့ အတူ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICC) နဲ့ပါ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်တဲ့ IIMM အဖွဲ့ ဟာ မြန်မာနိုင်ငံဆိုင်ရာ သက်သေအထောက်အထား စုဆောင်းမှုကို အရှိန်မြှင့်တင်ဖို့အတွက် စီစဉ်ထားတယ်လို့ ပြောကြားပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်က ထိပ်တန်းအရာရှိကြီးတွေရဲ့ တာဝန်ရှိမှုအပေါ် သိသာထင်ရှားစေမယ့် ကွင်းဆက် သက်သေတွေကို ရှာဖွေနေတာ ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ဖြည့်စွက်ပြောပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ကွပ်ကဲမှုအောက်က စစ်ရာဇဝတ်ကျူးလွန်မှုကို တားဆီးရမယ့်အပြင် အပြစ်ပေးရမယ့်တာဝန်ပါရှိတယ်လို့  IIMM အဖွဲ့ရဲ့ အစီရင်ခံထဲမှာ နိုင်ငံတကာဥပဒေအရ ရှင်းပြထားပါတယ်။

“ဒါမျိုး ရာဇဝတ်မှုတွေ အပေါ်  ထပ်ခါတလဲလဲ လျစ်လျူရှုမှုတွေက အထက်အာဏာပိုင်တွေ ကိုယ်တိုင်စေခိုင်းထားတယ် ဆိုတာကို ညွှန်းဆိုပြနေတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့ မျိုးစုံရဲ့  ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ သက်သေတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

လူငယ်ထိန်းသိမ်းရေးစခန်း အများအပြားမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ရိုက်နှက်ညှဉ်းပန်းမှုအပြင် တခြားပုံစံတွေနဲ့ပါ အပြင်းအထန် နှိပ်စက်နေတယ်ဆိုတဲ့ အထောက်အထားတွေ ပိုမိုရရှိလာတယ်ဆိုပြီး အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီသက်သေတွေအရ အမြင့်ဆုံးသောရက်စက်မှု အတိုင်းအတာနဲ့ ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရာဝတ္ထုတွေနဲ့ အဓမ္မပြုကျင့်တာမျိုး အပါအဝင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှု၊ အရှက်ရစေမှု၊ အုပ်စုဖွဲ့ ဒါမှမဟုတ် ဆက်တိုက် မုဒိမ်းကျင့်မှု၊ လိင်ကျွန်ပြုမှုတွေနဲ့ ထိခိုက်နစ်နာအောင် ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင် လူနည်းစုအပေါ် သွေးထွက်သံယို ဖြိုခွင်းမှုအတွင်း ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ရပ်တွေကိုပါ စုံစမ်းစစ်ဆေးနေတယ်လို့ IIMM အဖွဲ့က အတည်ပြုပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါးအထိ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နီကိုးလပ်စ်ကွန်ဂျန်းက “ကျနော်တို့ စုံစမ်းစစ်ဆေးနေတဲ့ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး ရာဇဝတ်မှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာနဲ့ လိင်ဖြစ်တည်မှုအပေါ် အခြေခံတဲ့အမှုတွေ ပါဝင်ပါတယ်၊ ရိုဟင်ဂျာတွေကို သုတ်သင်ရှင်းလင်းခဲ့တဲ့ စစ်ဆင်ရေးအတွင်း ဒါမျိုးအနှံ့ ဖြစ်ပွားခဲ့တာပါ"လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက စတည်တည်ထောင်ခဲ့တဲ့ IIMM ဟာ အဆိုးရွားဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေရဲ့ သက်သေခံချက်တွေကို စုဆောင်းကာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေအတွက် အမှုတွဲပြင်ဆင်ပေးရတဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ခွင့် မရရှိခဲ့ပေမယ့်လည်း ဒီအဖွဲ့ဟာ သတင်းရင်းမြစ်ပေါင်း ၇၀၀ ကျော်နဲ့ အချက်အလက် အထောက်အထားပေါင်း ၂၃ သန်းကျော်အထိ စုဆောင်းထားတယ်လို့ သိရပါတယ်။

ဒီအဖွဲ့ရဲ့ စုဆောင်းမှုထဲမှာ မျက်မြင်သက်သေ ထွက်ဆိုချက်တွေ၊ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ မှုခင်းဆေးပညာဆိုင်ရာ သက်သေတွေနဲ့ ဂြိုဟ်တုပုံရိပ်တွေအထိ ပါဝင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013