DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် စစ်ရာဇဝတ်မှု အများအပြားကျူးလွန်နေဟု ကုလသမဂ္ဂ ပြော
DVB
·
March 16, 2022
စစ်ကောင်စီတပ် စစ်ရာဇဝတ်မှု အများအပြားကျူးလွန်နေဟု ကုလသမဂ္ဂ ပြော
Donate to DVB

စစ်ကောင်စီလက်အောက်ခံ စစ်တပ်ဟာ  လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ စနစ်တကျ ပါဝင်နေပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အများအပြားရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးက မတ်လ ၁၅ ရက်မှာ ပြောကြားလိုက်ပြီး မြန်မာနိုင်ငံက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် ချက်ချင်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက တိုက်တွန်းလိုက်ကြောင်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံးထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာဟာ ဖမ်းဆီးနှိပ်စက်ခံရသူတွေနဲ့ မျက်မြင်သက်သေတွေရဲ့ တွေ့ဆုံမေးမြန်းမှုတွေအပေါ် အခြေခံထားတာဖြစ်ပြီး အတည်ပြုထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ စစ်ဆေးထားတဲ့ မာလ်တီမီဒီယာဖိုင်တွေ၊ အများသိ လူတိုင်းသိ အချက်အလက်တွေနဲ့ အတည်ပြုထားတာ ဖြစ်ပါတယ်။

စစ်တပ်က လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲပြီး အရပ်သားအများစုကို ခေါင်းကို ပစ်သတ်တာ၊ မီးရှို့သတ်တာ၊ မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ ဒါမှမဟုတ်  အရပ်သားတွေကို တမင်သက်သက် ပစ်မှတ်ထားပြီး လူသားဒိုင်းတွေအဖြစ် အသုံးပြုပြီးတော့ လူ့အသက်ကို အလေးမထားဘူးဆိုတာ ထင်ထင်ရှားရှား ပြသခဲ့ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘာချီလက်က ပြောကြားခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ အကျဉ်းသားတွေကို စစ်ဆေးမေးမြန်းစဉ်အတွင်း မျက်နှာကြက်မှာ ဆိုင်းထားတာ၊ လျှပ်စစ်နဲ့တို့တာ၊ မူးယစ်ဆေးဝါး ထိုးသွင်းတာနဲ့ မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

လူတဦးချင်းစီမှာ သူတို့ရဲ့အခွင့်အရေး၊ သူတို့ရဲ့အသက်တွေ၊ ဘဝတွေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေကို ဖယ်ထုတ်ခံရတာ ပိုများနေပြီး ဒါကိုရပ်တန့်ဖို့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အဓိပ္ပာယ်ရှိတဲ့ အရေးယူမှုတွေ အရေးတကြီး လိုအပ်နေပါတယ်လို့လည်း ဘာချီလက်က ပြောပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေကြရတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်ခံရမှုတွေအတွက် စည်းလုံးညီညွတ်ပြီး ခိုင်မာပြတ်သားတဲ့ နိုင်ငံတကာ တုံ့ပြန်မှုကို တောင်းဆိုပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ဆက်နွှယ်သူတွေကြောင့် မြန်မာပြည်သူ အနည်းဆုံး လူ ၁,၆၀၀ သေဆုံးခဲ့ပြီး လူပေါင်း ၁၂,၅၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တခြားလူပေါင်း ၄ သိန်း ၄ သောင်းထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူ ၁၄ သန်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အရေးပေါ်လိုအပ်နေတာပါ။ လိုအပ်နေတဲ့ နေရာသစ်တွေနဲ့ အရင်လိုအပ်ချက် ရှိပြီးသား နေရာတွေဆီ ပို့ဆောင်ပေးတာတွေကိုလည်း စစ်တပ်က ပိတ်ဆို့ထားကြောင်း ဆိုပါတယ်။

ဒီအစီရင်ခံစာကို ဧပြီလ ၁ ရက်နေ့အထိ ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး  ဘာချီလက်ဟာ မတ်လ ၂၁ ရက်မှာ ကောင်စီကို အစီရင်ခံစာ တင်ပြရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူကို တောင်းဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

စစ်တပ်ကတော့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အာမခံဖို့ တာဝန်ရှိတယ်လို့ ပြောထားဖူးသလို ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့တာကိုတော့ ငြင်းဆိုထားပြီး ဆူပူအုံကြွမှုဖြစ်စေတဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းတာဖြစ်တယ်လို့ အရင်က ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013