
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ကရင်နီ(ကယား)ပြည်နယ်ထဲမှာ စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ၃၂ ကြိမ် ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က နို၀င်ဘာ ၅ ရက် ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာလအတွင်း မြို့တော် လွိုင်ကော်၊ ဖယ်ခုံ၊ ဒီမော့ဆို၊ ဖရူဆို၊ ဘော်လခဲနဲ့ ရှားတောမြို့နယ်တွေဘက်ကို အဓိကထားပြီး ထိုးစစ်ဆင်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှု ၃၂ ကြိမ်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၄ ကြိမ်နဲ့ အများဆုံး ဖြစ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၅ ကြိမ်၊ မိုင်းနင်းမိခြင်း ၂ ကြိမ်နဲ့ နေအိမ် မီးရှို့ခြင်း ၁ ကြိမ် ပါ၀င်ပါတယ်။
ဖယ်ခုံမှာ ၁၂ ကြိမ်၊ ဒီးမော့ဆိုမှာ ၈ ကြိမ်၊ လွိုင်ကော်မှာ ၇ ကြိမ်၊ ဖရူဆိုမှာ ၃ ကြိမ်၊ ဘော်လခဲနဲ့ ရှားတောမြို့မှာ ၁ ကြိမ်စီ စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှု ခံရတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
အရပ်သားပြည်သူ သေဆုံးသူ ၈ ယောက် ရှိပြီး ဒီထဲမှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၃ ယောက် ပါ၀င်ပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၂၈ ယောက် ရှိပြီး ဒီထဲမှာ အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ ကလေးငယ် ၆ ယောက် ရှိတယ်လို့ ဆိုပါတယ်။
နေအိမ် ၂၁ လုံး၊ ယာဉ် ၁၃ စီး၊ စိုက်ခင်း ၁၁ ခုနဲ့ အခြားပစ္စည်း ၁၀ ခု၊ လမ်း ၂ လမ်းနဲ့ ကျောင်း ၂ ကျောင်း ထိခိုက် ပျက်စီးခဲ့ပါတယ်။
ကရင်နီပြည် အောက်တိုဘာလအတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ထိခိုက် ဒဏ်ရာရသူ အများဆုံး ဖြစ်နေတယ်လို့ KnHRG ကထောက်ပြထားပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားပြည်သူ့ ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေအပေါ်မှာ အသွားအလာ ကန့်သတ်ခံရတာနဲ့ ကြုံတွေ့နေရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကရင်နီပြည်အတွင်း ရှားတော၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့ကို အောက်တိုဘာ ၁၈ ရက်က စပြီး ရက် ၉၀ စစ်အုပ်ချုပ်ရေးမြို့အဖြစ် ထပ်မံ တိုးမြှင့်ကြေညာပြီးနောက် မြို့တော် လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်နေတဲ့နေရာတွေကို ပစ်မှတ်ထား လေကြောင်းနဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်မှု အကြိမ်များစွာ လုပ်ဆောင်ခဲ့ပါတယ်။
အဆိုပါလေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ပညာသင်ယူနေတဲ့ကလေးငယ်တွေ ထိခိုက် သေဆုံးခဲ့ရသလို ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကြောင့် စာသင်ကျောင်းတွေ ယာယီပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးမြေနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လို့ စစ်ဘေးရှောင်ပြည်သူတွေ စား၀တ်နေရေးအခြေအနေ ဆိုးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်မဖြစ်ပွားအောင်နဲ့ ကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းတောင်းဆိုထားပါတယ်။











