
အိမ်အလုံး ၄၀ ။ ဒါဟာ လက်ရှိ ဒိန်းမတ်မှာ နေထိုင်နေတဲ့ အမျိုးသမီးတဦး ချင်းပြည်နယ်က သူ့ရဲ့ ရွာ မီးရှို့ခံရတဲ့အခါ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ လောင်ကျွမ်းသွားတဲ့ အိမ်အလုံးအရေအတွက် ဖြစ်ပါတယ်။ စစ်အုပ်စု ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် သူ့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေခမျာ အသက်သေဆုံးခဲ့ရသလို၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားခဲ့တာလည်း ရှိပါတယ်။ ချင်းပြည်နယ်က ထောင်သောင်းချီတဲ့ ပြည်သူများနည်းတူ သူလည်း နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲ ပြေးဝင်ခိုလှုံခဲ့ရပါတယ်။
အောက်တိုဘာ ၂၆ ရက်၊ တနင်္လာနေ့မှာတော့ သူဟာ ဒီကျူးလွန်မှုတွေအတွက် တာဝန်ရှိတဲ့သူတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။
သူ့အနေနဲ့ မြန်မာစစ်အုပ်စုကို ကိုပင်ဟေဂင်မြို့မှာ ရာဇဝတ်မှုကြောင်းအရ အမှုစွဲချက် တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ လုံခြုံရေးအရ ချင်းတိုင်းရင်းသူအမျိုးသမီးရဲ့ နာမည်ကို ထုတ်ဖော်လို့ ရေးသားလို့ မရပါ။ စွဲချက်ပါ ရာဇဝတ်မှုတွေမှာတော့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ခြင်းနဲ့ လူသောင်းချီ နေရပ်စွန့်ခွာရခြင်းတို့ ပါဝင်ပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ ဥပဒေ အပြောင်းအလဲကြောင့်သာ ဒီလို စွဲချက်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ မနှစ်ကမှ စတင်အသက်ဝင်တာဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ရာဇဝတ်မှုမြောက်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်ပဲ ဒိန်းမတ် အစိုးရရှေ့နေတွေအတွက် စွဲချက်တင်နိုင်စရာ လမ်းပွင့်သွားခဲ့တာ ဖြစ်ပါတယ်။
သူ့ကိုယ်စား လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုပင်ဟေဂင် အခြေစိုက် ရှေ့နေ အက်ဒီအိုမာ ရိုဆင်ဘာ့ဂ် ခါဝါဂျက အခုလိုပဲ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။ “ဒိန်းမတ်နိုင်ငံရဲ့ ဥပဒေသစ်အရ သက်ဆိုင်ရာ ရာဇဝတ်မှုကို ဘယ်နေရာမှာ ကျူးလွန်ခဲ့တယ်၊ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေဟာ ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်တွေဟာ အရေးမကြီးတော့ပါဘူး” လို့ ဆိုပါတယ်။
“ဒီဖြစ်စဉ်တွေကနေ လွတ်မြောက်လာသူအနေနဲ့ ဒိန်းမတ်နိုင်ငံမှာ နေထိုင်တယ်ဆိုရင် သူတို့ ခံစားခဲ့ရတဲ့ အနိဋ္ဌာရုံဖြစ်စဉ်တွေကို ကျူးလွန်ဖို့ အမိန့်ပေးခဲ့သူတွေကို တာဝန်ခံမှု ရှိလာအောင် ဒိန်းမတ်နိုင်ငံက အာဏာပိုင်တွေဆီမှာ အမှုဖွင့် တိုင်ကြားနိုင်ပါတယ်။”
ဒီအချက်ဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျူးလွန်ခံရသူတွေအနေနဲ့ တခြား တိုင်ကြားစရာ မရှိလို့ပါပဲ။ မြန်မာနိုင်ငံက တရားရုံးတွေကို စစ်ဗိုလ်ချုပ်တွေက ထိန်းချုပ်ထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့လည်း အရေးယူဆောင်ရွက်ဖို့ရာ ပျက်ကွက်နေပါတယ်။ သည်ဟိဂ်က နိုင်ငံတကာ တရားရုံးတွေ ဖြစ်ကြတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့ကလည်း နှေးကွေးလျက် ရှိပါတယ်။ ချင်းပြည်နယ်က ပြည်သူတွေအတွက် ဒိန်းမတ် ရဲဌာနဟာ ဖွင့်ထားတဲ့ တံခါးပေါက် အနည်းငယ်ထဲက တခု ဖြစ်ပါတယ်။
ဒါဟာ ဒိန်းမတ်ရဲ့ သမိုင်းအစဉ်အလာနဲ့လည်း ကိုက်ညီပါတယ်။ အမှုအတွက် လိုက်ပါကူညီပေးနေတဲ့ Myanmar Action Group Denmark (MAGD) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ထရေစီဘောလှေးက “ဒိန်းမတ်နိုင်ငံအနေနဲ့ ၁၉၉၀ ပြည့်နှစ်များ မတိုင်ခင်ကတည်းက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ တသားတည်း ရပ်တည်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ ဒိန်းမတ်အနေနဲ့ ဖွံ့ဖြိုးရေးအကူအညီပေးတာတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ထောက်ပံ့ ကူညီတာတွေ၊ စစ်အစိုးရကို ကျော်လွှားပြီး ကူညီတာတွေ၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေနဲ့ တသွေးတသားတည်း ရပ်တည်ပေးခဲ့တာတွေ စတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒီအမှုဟာ နောက်ထပ် ခြေလှမ်းတရပ်ဖြစ်တယ်လို့ သူ့အနေနဲ့ ရှုမြင်ထားပါတယ်။ “ယနေ့မှာတော့ မြန်မာပြည်သူများနဲ့ အတူ ဒိန်းမတ်နိုင်ငံရဲ့ ပြည်သူတွေ၊ လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ ဒိန်းမတ် တက်ကြွလှုပ်ရှားသူတွေကပါ တာဝန်ခံမှုရှိရေး၊ နိုင်ငံတကာ ဥပဒေ စိုးမိုးရေးတို့အတွက် အတူတကွ ရပ်တည်လာကြတာ ဖြစ်ပါတယ်။”
သူ့ရဲ့ ရှင်းလင်းပြောကြားချက်အရ MAGD နဲ့တကွ အမှုအတွက် လိုက်ပါကူညီပေးနေတဲ့ Chin Community Denmark (CCDK) အပါအဝင် ဒိန်းမတ်နိုင်ငံမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အသက်ရှင်လျက် လွတ်မြောက်လာသူတွေ၊ အရေးကြီးတဲ့ သက်သေတွေကို စစ်ဆေးအတည်ပြုနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ကျနော်အနေနဲ့လည်း Myanmar Accountability Project ကို ဖွဲ့စည်းလှုပ်ရှားလျက်ရှိပါတယ်။ အရှေ့တောင်အာရှနဲ့ ဥရောပမှာ မြန်မာစစ်အုပ်စုကို စွဲချက်တင်တဲ့ အမှုကိစ္စတွေမှာ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ လိုက်ပါကူညီပေးလျက်ရှိပါတယ်။ ဒိန်းမတ်မှာ စွဲချက်တင်ထားတဲ့ အမှုကို အခိုင်အမာ လျှောက်လဲနိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။
ဒိန်းမတ်အစိုးရ ကိုယ်တိုင်လည်း ပြောကြားထားတာရှိပါတယ်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ကုလသမဂ္ဂကို တင်သွင်းခဲ့တဲ့ အစိုးရရဲ့ လူသိရှင်ကြား ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ အနေနဲ့ တာဝန်ခံမှု ကင်းမဲ့ခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေခြင်းတို့ကြောင့် ဒုက္ခခံစားနေတယ်လို့ ဆိုထားပါတယ်။ အခု တင်သွင်းထားတဲ့ စွဲချက်ဟာ ဒိန်းမတ်အစိုးရအနေနဲ့ သူ့ထုတ်ပြန်အပေါ် အရေးယူဆောင်ရွက်မှု လုပ်နိုင်ဖို့ရာ လမ်းဖွင့်ပေးထားတာ ဖြစ်ပါတယ်။
အမှုစွဲချက်တင်တဲ့ အချိန်ကလည်း အံကိုက်ပဲ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ မြန်မာမှာ ရှိတဲ့ သူ့သံရုံးကို ပိတ်သိမ်းနေပြီ ဖြစ်ပါတယ်။ ဒီအမှုအားဖြင့် ဒိန်းမတ်အစိုးရအနေနဲ့ တရားမျှတမှု၊ တာဝန်ခံမှုဆိုင်ရာ အရေးကိစ္စတွေမှာ ဆက်လက်ပါဝင်လျက် ရှိတယ်ဆိုတာကို သတင်းစကားပါးနိုင်မှာ ဖြစ်သလို၊ မြန်မာပြည်သူတွေ ရသင့်ရထိုင်တဲ့ အနာဂတ်မျှော်မှန်းချက်ဖြစ်တဲ့ တရားမျှတ၊ ငြိမ်းချမ်းပြီး၊ ဂုဏ်သိက္ခာနဲ့အညီ ဘဝတည်ဆောက်ရေးကို လေးစားသမှုပြုရမယ်ဆိုတာကိုလည်း သိစေနိုင်မှာ ဖြစ်ပါတယ်။
လက်တလောမှာတော့ စစ်အုပ်စုက တရားဝင်ခွင့်ရအောင် ကြိုးပမ်းနေပါတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်က အတုအယောင်ရွေးကောက်ပွဲနဲ့ သမ္မတရာထူး ရယူခဲ့ပြီး မြန်မာပြည်သူတွေကိုတော့ ဘာရွေးချယ်ခွင့်မှ မပေးခဲ့ပါဘူး။ သူရဲ့ မီးရှို့ လူသတ် စစ်ဆင်ရေးတွေကို ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေအတွက်လည်း သူ လုပ်သမျှကို သာမန်ကိစ္စလို လက်ခံရမယ် ဆိုတာမျိုး ဖြစ်လာပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ ဒါကို လက်မခံခဲ့ပါဘူး။
မြန်မာပြည်ရဲ့ အနေအထားဟာဆိုရင် မသိကျိုးကျွန်ပြုထားလို့ ရနိုင်စရာ လုံးဝ မရှိပါဘူး။ ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာအရဆိုရင် လူဦးရေ ၁၆ သန်းကျော်ဟာ အကူအညီ လိုအပ်လျက်ရှိနေပြီး၊ စစ်အုပ်စုဟာ လိုအပ်ချက်အမြင့်မားဆုံးဖြစ်နေတဲ့ ကျယ်ပြောလှတဲ့ ဒေသများဆီကို လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ မဝင်ရောက်နိုင်အောင် ဟန့်တားထားပါတယ်။ ခန့်မှန်းလူဦးရေ ၃ ဒသမ ၈ သန်းကျော်ဟာ နေရပ်စွန့်ခွာရလျက်ရှိပြီး အများစုဟာဆိုရင် အကြိမ်ကြိမ်အခါခါ ရွှေ့ပြောင်းနေရတာ ဖြစ်ပါတယ်။ အခုလအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာအရ လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ ဆင်းရဲမွဲတေမှုဒဏ်ကို သော်လည်းကောင်း၊ အချိန်မရွေး ဆင်းရဲမွဲတေမှု ခံစားရနိုင်ခြေကို လည်းကောင်း ကြုံတွေ့နေရပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုဟာ ဆိုရင်လည်း သက်ဆိုင်ရာနယ်မြေ ပြင်ပ နေထိုင်ကြတဲ့ လူတော်တော်များများ မခန့်မှန်းနိုင်လောက်အောင် ဆိုးဝါးတဲ့ အနေအထားမှာ ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပဋိပက္ခဆက်စပ် အကြမ်းဖက်မှုတွေမှာ လူ ၁ သိန်းကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ဟာ ကမ္ဘာတလွှား ပဋိပက္ခတွေအနက် အသက်အန္တရာယ် အခြိမ်းခြောက်နိုင်ဆုံး စတုတ္ထအဆင့်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါဟာ အေးခဲပြီး ရပ်တန့်နေတဲ့ ပဋိပက္ခမျိုး မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ပွဲ ဖြစ်ပါတယ်။ နိုင်ငံလုံးကျွတ် ဖိနှိပ်မှုဟာ လူမဆန်တဲ့ သတ်ဖြတ်မှုတွေကို ပိုလို့တောင် ဆိုးဝါးလာစေပါတယ်။ ဒါကြောင့် တရားမျှတမှုနဲ့ တာဝန်ခံမှုဟာ ပိုလို့တောင် အရေးကြီးလာပါတယ်။
တိုင်ကြားသူအနေနဲ့ တောင်းဆိုတာ အများကြီးမရှိပါဘူး။ သူ့ အနေနဲ့ ဒိန်းမတ်ကို စစ်ပွဲတခုလုံး ရပ်တန့်အောင် လုပ်ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ရဲတပ်ဖွဲ့ အမှုဖွင့်လှစ် စစ်ဆေးနိုင်ဖို့ရယ်၊ အစိုးရရှေ့နေတွေက သူတင်ပြတဲ့ သက်သေတွေကို အလေးအနက်ထား စစ်ဆေးဖို့ရယ်ကိုပဲ တောင်းဆိုတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရာဇဝတ်မှု ကျူးလွန်ဖို့ အမိန့်ပေးခဲ့သူတွေကို တာဝန်ခံစေဖို့လောက်ပဲ တောင်းဆိုနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ ဓလေ့ကို ရပ်တန်းကရပ်ဖို့ ဒိန်းမတ်နိုင်ငံအနေနဲ့ ပြောကြားခဲ့ဖူးပါတယ်။ အခုဆိုရင် ဥပဒေသစ်အရ တကယ်အရေးယူဆောင်ရွက်နိုင်စရာ လမ်းစပေါ်လာပြီ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသူတယောက်အနေနဲ့ ခြေတလှမ်း လှမ်းပြီးဖြစ်ပါတယ်။ ဒီခြေလှမ်းအတွက် ကျနော်တို့ အများစု မကြုံဖူးတဲ့ ဘေးအန္တရာယ်ကို ရင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ဒိန်းမတ် အာဏာပိုင်များအနေနဲ့ ဒီဥပဒေဟာ ပြဋ္ဌာန်းထားသလို ဟုတ်ရဲ့လားဆိုတာ သက်သေပြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။
ခရစ္စတိုဖာဂန်းနက်စ်
(ခရစ္စတိုဖာ ဂန်းနက်စ်သည် Myanmar Accountability Project ၏ ဦးစီးထူထောင်သူနှင့် ညွှန်ကြားရေးမှူး ဖြစ်သည်။)











