
ခရစ္စတီယာနို ရော်နယ်ဒို အနားယူသွားပြီးနောက် ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ခေတ်သစ်ကို ဒိန်းမတ်အသင်းအား ၄-၁ ဂိုး ရှုံးနိမ့်မှုနဲ့ စတင်လိုက်ပြီး နေးရှင်းလိဂ် အုပ်စု A4 မှာ အုပ်စုပထမနေရာကို အခိုင်အမာ ရယူနိုင်မဲ့ အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။
မနေ့ညက ပေါ်တူဂီနိုင်ငံ၊ ဘရာဂါမြို့မှာ အိမ်ကွင်းမှာ ကစားသွားတဲ့ပွဲစဉ် ပထမပိုင်း ပြီးဆုံးခါနီးမှာ ရူဘင် ဒီယက်စ်လက်ထိဘော ဖြစ်ခဲ့ရာက ပေးလိုက်ရတဲ့ ပင်နယ်တီကို ဟွိုက်ဘာ့ဂ်က ဒိန်းမတ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၈ မိနစ်အတွင်း နာပိုလီတိုက်စစ်မှူး ဟွိုက်လန်းရဲ့ ၂ ဂိုး ဆက်တိုက်သွင်းယူမှုကြောင့် ဂိုးထပ်ပြတ်သွားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ အင်္ကျီကို လွှဲပြောင်းရရှိခဲ့တဲ့ တိုက်စစ်မှူး ကားလို့စ် ဖော့ဘ်စ်က ပွဲချိန် ၁ နာရီကျော်အကြာမှာ လူစားဝင် ကစားခဲ့ပေမဲ့ အသင်းအတွက် ထူးခြားအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ပွဲပြီးဆုံးဖို့ ၁၅ မိနစ်အလိုမှာ ဂျိုအာချင် အန်ဒါဆန်က ဒိန်းမတ်အတွက် စတုတ္ထဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး နာကျင်အချိန်ပိုရောက်မှ ဘာနာဒို ဆေးလ်ဗားက ပေါ်တူဂီအတွက် နှစ်သိမ့်ဂိုး တဂိုး ပြန်လည်သွင်းယူပေးခဲ့ပေမဲ့ ပွဲအပြီးမှာ ပေါ်တူဂီအသင်း ၄ -၁ ဂိုးနဲ့ရှုံး နိမ့်သွားခဲ့ပါတယ်။
ပွဲမစတင်ခင်မှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပေါ်တူဂီ ကစားသမားတွေအားလုံးနဲ့ ကွင်းအတွင်း လိုက်ပါပို့ဆောင်ပေးတဲ့ ကလေးငယ်လေးတွေဟာ ရော်နယ်ဒိုရဲ့ အမည်ပါရှိတဲ့ နံပါတ် ၇ ဂျာစီအဟောင်းကို ဝတ်ဆင်ခဲ့ကြပါတယ်။
ဒါ့အပြင် ပေါ်တူဂီ ဂန္ထဝင်တိုက်စစ်မှူး ဝတ်ဆင်ခဲ့တဲ့ လက်ရွေးစင်အသင်း ဂျာစီပေါ်ရှိ နံပါတ် “၇” ဒီဇိုင်းကိုလည်း အရင်နဲ့မတူကွဲပြားသွားအောင် ၇ ဂဏန်းရဲ့ အလယ်မှာ အလျားလိုက် မျဉ်းတိုတကြောင်း ထည့်သွင်းပြီး အသုံးပြုသွားပါတယ်။
"နံပါတ် ၇ အသစ်ကို ပွဲထုတ်ရမယ့် အချိန်ပါပဲ။ ဘာလို့လဲဆိုတော့ ထာဝရတည်မြဲနေမဲ့ နံပါတ် ၇ တခု ရှိနေခဲ့လို့ပါ"လို့ ပေါ်တူဂီလက်ရွေးစင်အသင်းက စနေနေ့က လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ နိုင်ငံအသင်းအတွက် စတင်ပွဲထွက်ကစားချိန်ကစပြီး နိုင်ငံအတွက် ပွဲပေါင်း ၂၃၄ ပွဲ ကစားထားကာ သွင်းဂိုး ၁၄၆ ဂိုးသွင်းပေးခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘော်လွန်းဒီအော်ဆုကိုလည်း ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လူမှုကွန်ရက်မှာ ဗီဒီယိုဖိုင်တခု တင်ကာ နိုင်ငံတကာ ဘောလုံးလောကမှ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာပါ။
မနေ့ညကပွဲမှာတော့ ပရိသတ်တွေက ပွဲကြည့်စင်တခုရဲ့ အပေါ်ထပ်မှာ 'Ronaldo' ဆိုတဲ့ စာလုံးနဲ့ အောက်ထပ်မှာ 'GOAT' (သမိုင်းတလျှောက် အကောင်းဆုံးကစားသမား) ဆိုတဲ့ စာလုံးတွေကို ပုံဖော်ပြသခဲ့ကြပါတယ်။
ဒါ့အပြင် 'ကျေးဇူးတင်ပါတယ် အသင်းခေါင်းဆောင်' လို့ အဓိပ္ပာယ်ရတဲ့ စာတန်းတခုကိုလည်း ချိတ်ဆွဲထားပြီး ပွဲချိန် ၇ မိနစ်မှာ အလားတူ ဂုဏ်ပြုစာတန်းမျိုး ကွင်းအတွင်းရှိ LED scoreboard ပေါ်မှာ ပေါ်လာခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ဒီပွဲရှုံးခဲ့ပေမဲ့ နေးရှင်းလိဂ် အဖွင့်ပွဲစဉ် ၄ ပွဲစလုံးကို အနိုင်ရရှိထားပြီး ကွာတားဖိုင်နယ် တက်ရောက်ဖို့ သေချာနေပြီဖြစ်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ ဝေးလ်စ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲမှာ မရှုံးရင် အုပ်စုဗိုလ်အဖြစ် နောက်တဆင့်သို့ တက်ရောက်နိုင်မှာပါ။
Source: Sky Sports/ BBC Sport











