
မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေအတွက် အထောက်အထားစုဆောင်းရာမှာ ပူးပေါင်းပါဝင်ဖို့ နိုင်ငံအများအပြားက တွန့်ဆုတ်နေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ကွန်ဂျန်က ပြောပါတယ်။
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မေးမြန်းမှုကို သူက အခုလို ဖြေကြားခဲ့တာပါ။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အားလုံးက ထောက်ခံပေမဲ့ မြေပြင်မှာ သက်သေတွေနဲ့တွေ့ဆုံပြီး အထောက်အထားယူဖို့ကိစ္စကိုတော့ နိုင်ငံအများအပြားက ပူးပေါင်းပါဝင်ဖို့ တွန့်ဆုတ်နေတာလို့ ဆိုပါတယ်။
IIMM အနေနဲ့ သက်သေတွေနဲ့ တွေ့ပြီး အချက်အလက်တွေ ကောက်ယူရာမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ခွင့်ပြုချက် လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
ဒီလို ခွင့်ပြုချက်ပေးပြီး ပူးပေါင်းဆောင်ရွက်တာဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အတွက် လက်တွေ့ကျကျ ပံ့ပိုးကူညီတာဖြစ်သလို၊ ကျူးလွန်သူတွေကို စောင့်ကြည့်နေပြီး တာဝန်ခံရမယ်ဆိုတာ သိစေဖို့ အရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။
IIMM အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်ဆီကနေ အထောက်အထား ၂၈ သန်းကျော် စုဆောင်းထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။











