DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၌ ကြံရာပါဖြစ်နေမှုကို အဆုံးသတ်ရန် ဂျပန်ကို အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆို 
DVB
·
May 30, 2023
မြန်မာစစ်တပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၌ ကြံရာပါဖြစ်နေမှုကို အဆုံးသတ်ရန် ဂျပန်ကို အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆို 
Donate to DVB

မြန်မာစစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေထဲ ဂျပန်နိုင်ငံရဲ့ တရားဝင်ဖွံ့ဖြိုးမှု အထောက်အပံ့ (ODA)စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ကြံရာပါဖြစ်နေမှုကို အဆုံးသတ်နိုင်ဖို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဆီ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က အိတ်ဖွင့်စာ ပေးပို့ တောင်းဆိုလိုက်ပါတယ်။

ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့အပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုး တောင်းဆိုလိုက်တဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့ မြန်မာနိုင်ငံမှာ လူဖန်တီးတဲ့ အကျပ်အတည်းတွေနဲ့ သဘာဝကြောင့်ဖြစ်ပေါ်တဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်နေရချိန်မှာ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂျပန်နိုင်ငံရဲ့ ဦးဆောင်မှု အရေးပေါ်လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အဓိက အလှူရှင်လည်းဖြစ်တဲ့ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို အဆုံးသတ်ဖို့အတွက် UNSC မူအပေါ် ရပ်တည်ပြီး လူ့အခွင့်အရေးကို အခြေခံတဲ့ တုံ့ပြန်မှုတရပ် ဖော်ဆောင်လာဖို့အတွက် ကောင်စီမှာရှိတဲ့ မဟာမိတ်တွေနဲ့ အတူတကွလုပ်ဆောင်ဖို့ အသင့်လျော်ဆုံးနေရာမှာ ရှိနေတယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစတင်ကာ လူပေါင်း ၃,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့တဲ့ ဂျပန်သတင်းထောက် ၂ ယောက် အပါအဝင် လူပေါင်း ၂၂,၇၀၀ ကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ကာ အဲဒီထဲက အများအပြားကတော့ တရားမျှတမှု မရှိစွာ ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

UNSC က မြန်မာ့နိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ပြီးနောက်ပိုင်းမှာတော့ နောက်ထပ် လူပေါင်း ၇၀၄ ကျော်ကို စစ်အုပ်စုက ဆက်လက် သတ်ဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကြောင့် သေဆုံးမှု အပြင်းထန်ဆုံးအဆင့်ရှိ နိုင်ငံတွေထဲ ယူကရိန်းနိုင်ငံအပြီး ကပ်လျက်အဆင့် သတ်မှတ်ခံရပြီး ကမ္ဘာတဝန်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှု အရေအတွက်အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁ သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက လျှော့ပေါ့စွာ ခန့်မှန်းထားတဲ့အပြင် ပြင်းအားအဆင့် ၅ ရှိတဲ့ ဆိုင်ကလုန်း မိုခါက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရွေ့လျားလာနေချိန်မှာလည်း မြန်မာစစ်အုပ်စုက မုန်တိုင်းသွားရာ လမ်းတလျှောက် ဒေသတွေမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေကို ဆက်လက် တိုက်ခိုက်နေခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ပြည်သူတွေ ရွှေ့ပြောင်းမှုတွေ စတင်ချိန်မှာလည်း ရိုဟင်ဂျာတွေကို စစ်အုပ်စုက တမင်သက်သက် လျစ်လျူရှုထားခဲ့ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းဆီ ပေးပို့တဲ့ အကူအညီတွေကိုတောင်မှ ပိတ်ဆို့ထားခဲ့တာကြောင့် ရာနဲ့ချီတဲ့ လူတွေကို သေဆုံးတာ၊ ပျောက်ဆုံးတာတွေ ဖြစ်စေခဲ့တာပါ။

ဒါကြောင့်မို့ စစ်အုပ်စုရဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအပေါ် ချိုးဖောက်မှုတွေကို တုံ့ပြန်ပြီး ဒေသတွင်းနဲ့ ပြင်ပမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အာမခံချက်ရှိစေဖို့အတွက် ဂျပန်အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းတုံ့ပြန် လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ အိတ်ဖွင့်စာထဲမှာ ဖော်ပြလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ ၂၀၁၆ ခုနှစ်တုန်းက နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူချိန် မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် လွှတ်တော်အကြီးအကဲတွေနဲ့ပါ တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဆွေနိုင်ငံအဖြစ် ပူးပေါင်းကူညီပေးသွားမယ့်အကြောင်း ဆွေးနွေးခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း အာဆီယံ-ဂျပန်စင်တာက အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်နေတဲ့ မြန်မာစစ်အုပ်စုရဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးအစီအစဉ်တွေကို ပံ့ပိုးပေးနေတာကြောင့် ဒါတွေအားလုံးကို အဆုံးသတ်ဖို့လည်း Justice For Myanmar အဖွဲ့က တိုက်တွန်းတောင်းဆိုထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013