Home
မြန်မာသတင်း
ထားဝယ်-မြိတ်-ကော့သောင်းလမ်းတွင် စစ်တပ်က အဓမ္မငွေတောင်း၊ ဘုတ်ပြင်း ပြည်သူနေအိမ် ၃ လုံးကို မီးရှို့
DVB
·
July 12, 2023

တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ခရီးသွားပြည်သူတွေဆီက တရားမဝင် ငွေကြေးတောင်းယူတာတွေ ရှိနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ခရီးသည်တဦးက “ခရီးတခါသွားရင် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာရှိတဲ့ စကစ စစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံပေးရတာ။ တနင်္သာရီတိုင်းဘက်ကို ၆/နဲ့လွဲပြီး တခြားမှတ်ပုံတင်နဲ့လာရင် စစ်ဆေးရေး ဂိတ်တွေမှာ တော်တော်အရစ်ခံထိတာ။ ကျနော့်အသိတယောက်ဆို ရန်ကုန်ကနေလာတာ အဲလိုအရစ်ခံထိတော့ ပိုက်ဆံ ၅ သောင်း ပေးလိုက်ရတယ်။ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်ရှိပြီး မြန်မာနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားမရတာ အဆင်မပြေဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဂိတ်ကြေးကို ခရီးသည်တွေအပြင် ကုန်တင်ကား၊ ခရီသည်တင်ကားတွေပါမကျန် ပေးရပြီး အခုလိုမျိုး ငွေကြေးတောင်းယူနေတာ ၇ လနီးပါးခန့် ကြာမြင့်နေပြီလို့ ခရီးသည်တဦးက ပြောပါတယ်။

မြိတ်-ထားဝယ် ကားလက်မှတ်ပေါက်ဈေးမှာ ၁ သောင်းကျပ်မှ ၂ သောင်းခွဲကြားရှိပြီး မြိတ်-ကော့သောင်း ကားလက်မှတ်ပေါက်ဈေးမှာ ၃ သောင်းခွဲမှ ၄ သောင်းကျပ်အထိ ရှိပါတယ်။

ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကြီး ဂိတ်ငယ် ၃၀ နီးပါးရှိပြီး တဂိတ်ကို ၃ ထောင်မှ ၁ သောင်းခွဲအထိ ဂိတ်ပေါ်မူတည်ပြီး ပိုက်ဆံပေးနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖက်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဇူလိုင် ၉ ရက်နေ့ မနက်အစောပိုင်းက ဘုတ်ပြင်းမြို့နယ်၊ ချောင်းကဖက်ကျေးရွာဘက်ကို အင်အား ၁၀၀ လောက်ပါ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ ဒေသတွင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၃ နာရီ မိနစ် ၃၀ လောက်မှာ စစ်ကောင်စီတပ်ကနေပြီးတော့ ချောင်းကဖက်ကျေးရွာက နေအိမ် ၃ လုံး၊ ဆိုင်ကယ် ၄ စီးနဲ့ ဓာတ်ဆီပေပါ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မီးရှို့ခံရတဲ့အိမ်တွေမှာ ငှက်ခေါ်တဲ့အိမ်ကြီး ၁ လုံးလည်းပါတယ်။ ရွာသားတချို့လည်း အဖမ်းခံရတယ်။ ဆက်လက်ပြီး‌တော့ စုံစမ်းနေပါတယ်။” 

အဆိုပါကျေးရွာမှာ ဘုတ်ပြင်းမြို့နယ်နဲ့ ပြည်ကြီးမဏ္ဍိုင် ကြားမှာတည်ရှိပြီး  နှစ်ဖက်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်ကနေ ရွာသားတချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ မသိရှိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၃ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအလွန်(ဒေသအခေါ်) R zero ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024