DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် တိုက်ပွဲဖြစ်၊ ဖမ်းမိသည့် ရေဖြူရဲတပ်ကြပ်ကြီး ပြန်ခုခံသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
July 5, 2023
ဘုတ်ပြင်းတွင် တိုက်ပွဲဖြစ်၊ ဖမ်းမိသည့် ရေဖြူရဲတပ်ကြပ်ကြီး ပြန်ခုခံသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအလွန် ဒေသအခေါ် Rzero ထဲမှာ ဇူလိုင် ၃ ရက် ညနေ ၅ နာရီလောက်က ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဘုတ်ပြင်း ခလရ ၂၂၄ တပ်ရင်းက လေညာမဏ္ဍိုင် ခမရ ၅၆၀၊ ခမရ ၅၅၉ တပ်ရင်းတို့နဲ့ ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေ ရှိတဲ့ဘက်ကို စစ်ကြောင်းထိုးလာတာပါ။ ဘုတ်ပြင်း ခလရ ၂၂၄ တပ်ရင်းမှာ စကစအင်အား ၂၀ ကျော်နဲ့ လေညာမဏ္ဍိုင် ခမရ ၅၆၀ နဲ့ ခမရ ၅၅၉ မှာက စကစအင်အား ၂၀ ကျော် စုစုပေါင်း ၄၀ ကျော်လောက် ရှိပါတယ်။ လူကြီးလမ်းကြောင်းလည်းရှိတော့ စကစတပ်သားတွေက တော်လှန်ရေးအင်အားစုတွေ ရှိတဲ့ဘက်ကို အကာအကွယ်လုပ်ဖို့ သဘောမျိုးနဲ့ ဝင်လာတော့ တော်လှန်ရေး အင်အားစုဘက်ကလည်း နယ်ကျော်လာမှာစိုးလို့ စောင့်ဆိုင်းပြီး တိုက်ခိုက်လိုက်တာပါ။”

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဘုတ်ပြင်း ခလရ ၂၂၄ က ၁ ဦး၊ လေညာမဏ္ဍိုင် ခမရ ၅၅၉ က ၃ ဦးနဲ့ ခမရ ၅၆၀ က တဦး စုစုပေါင်း ၅ ဦးသေဆုံးကာ တော်လှန်ရေး တပ်ပေါင်းစုတွေ ဘက်က ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်သုံးလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း တနင်္သာရီမြို့နယ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေတာကြောင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသွားလာခြင်းသတိပြုဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်က သတိပေး ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အမှတ် ၈ ရန်ကုန်-ထားဝယ် ပြည်ထောင်စုကားလမ်းမ ထားဝယ်လမ်းပိုင်းမှာ အရပ်ကားနဲ့ လိုက်ပါလာတဲ့ ရေဖြူမြို့မရဲစခန်းက ကိုယ်ပိုင်အမှတ် (လ- ၂၁၄၇၂၁) ရဲတပ်ကြပ်ကြီး ဇော်မင်းဦးကို ဇူလိုင် ၂ ရက်က ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ရဲတပ်ကြပ်ကြီး ဇော်မင်းဦးဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအကြား မလွဲတောင် စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်ပြီး ရေဖြူရဲစခန်းကို ပြန်လာစဉ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ပထမ နယ်မြေစိုးမိုးမှုအတွက် လမ်းပေါ်ထွက်တဲ့အချိန်မှာ သူ့ကိုဖမ်းဆီးတာမဟုတ်ဘဲ သူပါလာတာ သတင်းရလို့ ထပ်မံ ဒုတိယစစ်ဆေးတဲ့အချိန်မှာမှ ဖမ်းဆီးရမိတာပါ” လို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်တဲ့ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KBDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ရဲတပ်ကြပ်ကြီးကို စစ်ဆေးမေးမြန်ချိန်မှာ ပန်းတနော်မြို့နယ်ဘက်ကနေ ရေဖြူမြို့နယ်ကို ပြောင်းရွှေ့ တာဝန်ကျနေတာ မကြာသေးဘူးလို့ ရဲတပ်ကြပ်ကြီးက ဖြေခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံရစဉ်မှာ လက်နက်ခဲယမ်းအနေနဲ့ သိမ်းဆည်းမိတာမရှိဘဲ ယူနီဖောင်း၊ ဝန်ထမ်းကတ်၊ ဖုန်းတွေကိုသာ သိမ်းဆည်းရမိပြီး အဖိုးတန်ပစ္စည်းအနေနဲ့ သိမ်းဆည်းမိတာ မရှိခဲ့တာကို မဟာမိတ်တပ်တွေရဲ့မှတ်တမ်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ဖမ်းဆီခံထားရတဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၁ တာဝန်ခံထံ အပ်နှံဖို့ သွားနေစဉ် ထွက်ပြေးဖို့ ခုခံခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) နဲ့ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KBDF) က ဇူလိုင် ၅ ရက် မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

KBDF ပြန်ကြားရေးတာဝန်ခံက “သူ့ (ရဲတပ်ကြပ်ကြီး) ကို အစက စစ်သုံ့ပန်းအနေနဲ့ တာဝန်ရှိသူထံအပ်ပြီး ဂျီနီဗာကွန်ဗန်းရှင်း အတိုင်း လိုက်နာပြီး အရေးယူမလို့ပါ။ သူက ခုခံထွက်ပြေးလို့ အခုလို ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးရဲ့ ရုပ်အလောင်းကို ပူးပေါင်းတပ်ဖွဲ့တွေကပဲ လူ့ဂုဏ်သိက္ခာနဲ့အညီ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ဇူလိုင် ၂ ရက်နေ့မှာ ထားဝယ်ခရိုင်တပ်ရင်း-၁ (T1)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ဇင်ယော်တပ်ဖွဲ့၊ ဝေဟင်တပ်ဖွဲ့၊ ရေဖြူအလယ်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-KBDF (ရေဖြူ ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (TPDF) နဲ့ ထားဝယ်အမျိုးသားတပ်မတော် (DNLA) တို့ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်မှာ နယ်မြေစိုးမိုးနိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆေးမှုဟာ ပြည်ထောင်စုလမ်းမ ထားဝယ်လမ်းပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုနဲ့ပတ်သက်ပြီး KBDF က “ကျနော်တို့ဘက်က ပူးပေါင်းမှုတွေ ထပ်လုပ်သွားမှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့လည်း စိတ်ချယုံကြည်စွာ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ တောင်းဆိုပါတယ်။

အမှတ် ၈ ပြည်ထောင်စုလမ်းမ ရေးမြို့လမ်းပိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက နယ်မြေစိုးမိုးနိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတာ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013