DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
သဲကုန်းမြို့ပေါ်က စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံး 
DVB
·
July 7, 2026
Photo: P-PDF ၃၆၀၁ တပ်ရင်း
Photo: P-PDF ၃၆၀၁ တပ်ရင်း
Donate to DVB

ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ်မှာရှိတဲ့ စစ်တပ်အထိုင်ဂိတ်ကို ဇူလိုင် ၂ ရက်မှာ သွားရောက် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၅ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်က တပ်စုမှူး ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P-PDF ၃၆၀၁ တပ်ရင်း) ဆီကနေ သိရပါတယ်။

စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က “အဲဒီနေ့က ညနေ ၄ နာရီ ကျော်လောက်မှာ သဲကုန်းမြို့အထွက် ဆရာအတတ်သင် ၁ လမ်းမှာ အင်အား ၃၀ ဝန်းကျင် လောက်ထိုင်နေတဲ့ဂိတ်ကို သွား​ရောက်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၅ ယောက် သေတာနဲ့ ဒဏ်ရာရပြီး လဲကျသွားတာကို မျက်မြင်တွေ့ခဲ့ရပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် သဲကုန်းမြို့ထဲမှာ အထိုင်ချနေကြတဲ့ စစ်တပ်လက်အောက်ခံတွေ စစ်ကူရောက်လာပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့တာကြောင့် ဆုတ်ခွာလာရင်း တပ်ခွဲ ၁ က တပ်စုမှူး ရဲဘော်ရန်ကြီးအောင် ကျဆုံးခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း ၃၆၀၁ တပ်ရင်းက ရဲဘော် ၁ ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

PPDF ၃၆၀၁ တပ်ရင်း ရဲ့ တာဝန်ရှိသူက  “ဟိုဘက်က အင်အား ၄၀ ကျော်လောက် ထပ်ဖြည့်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကူပေးတော့ အင်အားမမျှတော့တာကြောင့်မို့ တပ်စုမှူး ရဲဘော်ရန်ကြီးအောင်က ရှေ့ဆုံးကနေ ခံ​ပစ်ပေးပြီးတော့ တခြားရဲဘော်တွေကို ပြန်ဆုတ်ခိုင်းတဲ့အချိန် ရန်သူ့ ကျည်မှန်ပြီး ကျဆုံးခဲ့ရတာပါ” လို့ DVB ကို ပြောပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂  ကွပ်ကဲမှုအောက်မှာ ရှိကြတဲ့ ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ရင်းရုံး တပ်ခွဲ ၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၅၊ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့နဲ့ ပြည်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ဇူလိုင် ၆ ရက် ညနေပိုင်းအထိ အဆိုပါစစ်တပ် အထိုင်ဂိတ်စခန်းမှာ လူအင်အားနဲ့ လက်နက်အင်အားတွေ အလုံးအရင်း ဖြည့်တင်းထားသလို မြို့အဝင်၊ အထွက် ပြည်သူတွေကိုလည်း အတင်းအကျပ် တားဆီးစစ်ဆေးနေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013