
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းကို ဇွန် တတိယပတ်အတွင်းက ၃ ရက်တာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ် လက်အောက်ခံ ၁၀ ယောက်ထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဇူလိုင် ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၂၃ ရက်က ချောက် ခလရ ၁၃ ထဲကနေ ထွက်လာတဲ့ စစ်ကြောင်းကို ဇောင်းတောကန်ရွာနားမှာ ပထမဆုံးစစ်ဆင်ရေး အနေနဲ့ ချုံခိုတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးပြီး တိုက်ခိုက်ရေးဒရုန်းတစင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကာ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာလည်း တိုက်ပွဲတွေ ၂ ရက်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ မကွေးခရိုင်တပ်ရင်း ၃ ရဲ့ တာဝန်ခံ ကိုအာကြီးက ပြောပါတယ်။
“အဲဒီ ၂ ရက်မှာလည်း ကျနော်တို့ဘက်က အရင်ဝင်နေတဲ့ စစ်ကြောင်းအပြင် အဲဒီစစ်ကြောင်းကို စစ်ကူလာတဲ့ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာတင်မကဘဲ နင်းမိုင်းတွေ၊ တိုက်မိုင်းတွေ မိပြီး ၅ ယောက်လောက် ထပ်သေပြီး ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ အဲဒါကတော့ လေးပင်ကုန်းရွာနားမှာပါ။ နှစ်ဖက် တိုက်ပွဲတွေထဲမှာတော့ ကျနော်တို့ဘက်ကလည်း ထိခိုက်မှု အနည်းငယ် ရှိခဲ့ပါတယ်။”
အဆိုပါတိုက်ခိုက်မှုတွေကနေ MA1 သေနတ်တလက်၊ MA4 သေနတ်တလက်၊ ၅.၅၆ ကျည် ၅၇၇ တောင့်၊ ကျည်ဘောက် ၆ ခု၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံးတို့အပြင် လက်ကိုင်ဖုန်း ၁၀ လုံးနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်ကလည်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကို မကွေးခရိုင်စစ်ဌာန လက်အောက်မှာရှိကြတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဇူလိုင် ၁ ရက်အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။
မကွေးခရိုင် PDF တပ်ရင်းတခုရဲ့တာဝန်ရှိသူက “အဲဒီစစ်ကြောင်းက ရှိနေသေးတဲ့အပြင် စစ်ကူစစ်ကြောင်းတွေလည်း ထပ်ဝင်လာနေလို့ တိုက်ပွဲတွေက ဇူလိုင်လ ၁ ရက်နေ့အထိ ဖြစ်နေတုန်းပဲ။ ချောက်မြို့နယ်ရဲ့ အလယ်ကြောမှာပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေဟာ စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်မှာ ရှိကြတဲ့ ကျေးရွာ ၂ ရွာထက်မနည်းကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာအနီးအနားက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။











